October 23, 2024

၂၃ .၁၀. ၂၀၂၄
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ မနေ့က အောက်တိုဘာ ၂၂ ရက် ည ၈ နာရီ‌ကျော်မှာ ယာဉ်တစ်စီးက ဆိုင်ကယ်စီးနင်းလာသူကို တိုက်ပြီးမောင်းပြေးသွားတာကြောင့် ဆိုင်ကယ်စီးနင်းသူ နေရာတင် သေဆုံးခဲ့တယ်လို့ ဒေသခံ မြေပြင်လူမှုကူညီရေး အသင်းထံကနေသိရပါတယ်။

ဖြစ်စဉ်က မကွေးမြို့၊ ရန်ပယ်ရပ်ကွက် မဲထီးလမ်းနဲ့ သုခိတာလမ်းဆုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး SURF အမျိုးအစား ခဲရောင် ယာဥ်နံပါတ်(မသိ) ယာဉ်က ဆိုင်ကယ်ကိုတိုက်မိကာ သုခိတာလမ်း မြောက်မှ တောင်ဘက်ဆီ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရပါတယ်။

အဆိုပါယာဉ်တိုက်မှုကြောင့် မောင်ဒီပါထွန်း (ဘ)ဦးဆန်းဝင်း အသက် (၂၈)နှစ်၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာနေသူမှာ အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့‌ပြီး မြေပြင်လူမှုကူညီရေအသင်းက ရဲလုပ်ငန်းစဉ်တွေအပြီးမှာ ရုပ်အလောင်းကို မကွေးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကားသမားအနေနဲ့ မှားမှားမှန်မှန် တာဝန်ယူမှု၊ တာဝန်ခံမှု လူသားချင်းစာနာစိတ်ထားပြီး သက်ဆိုင်ရာကို အမြန်လာရောက်ဖြေရှင်းသင့်ပါတယ်။ အခုက တိုက်ပြေးတာတွေ များလာတယ်။ လိုင်စင်မဲ့ကား ဖြစ်ခြင်း မဖြစ်ခြင်းနဲ့တော့ မဆိုင်ပါဘူး” လို့ MT News ကို ပြောပါတယ်။

တာဝန်သိပြည်သူတွေအနေနဲ့လည်း ဖော်ပြပါ Surf အမျိုးအစား (ခဲရောင်)ကားကို တွေ့ရှိပါကလည်း သက်ဆိုင်ရာဆီ အကြောင်းကြားကူညီဖို့လည်း အကူအညီတောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *