October 23, 2024

၂၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ဟစ်ဇ်ဘိုလာအုပ်စုရဲ့ခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာလာကို စက်တင်ဘာလ ၂၇ ရက်က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သတ်ဖြတ်နိုင်ခဲ့ပြီးနောက် သူ့အရိုက်အရာကို ဆက်ခံမယ့်သူလို့ ယူဆရတဲ့ ဟစ်ဇ်ဘိုလာထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာရှင် ဆာဖိုဒ်ဒင်းကိုလည်း အောက်တိုဘာလ ၄ ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ထပ်မံလုပ်ကြံနိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၂၂ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအုပ်စုကတော့ သူတို့အုပ်စုရဲ့ ခေါင်းဆောင်တွေ၊ တပ်မှူးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆာဖိုဒ်ဒင်းဟာ ဘေရွတ်မြို့မှာ အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ကျဆုံးခဲ့ရတယ်လို့ တရားဝင်ကြေညာမှု မပြုလုပ်သေးပါဘူး။

အစ္စရေးစစ်ဖက်ရဲ့ပြောကြားချက်အရ ဆာဖိုဒ်ဒင်းဟာ ဟစ်ဇ်ဘိုလာအုပ်စုရဲ့ ထောက်လှမ်းရေးဌာနခွဲ အကြီးအကဲဖြစ်တဲ့ ဟတ်စိန် အလီ ဟာဇီမာနဲ့အတူ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုက ဘေရွတ်မြို့တောင်ပိုင်း လူနေထူထပ်တဲ့ ဒါဟီရီး ဆင်ခြေဖုံးရပ်ကွက်အတွင်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း အစ္စရေးစစ်ဖက်က ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်သမားအဖြစ် ၂၀၁၇ ခုနှစ်က သတ်မှတ်ခံခဲ့ရတဲ့ ဆာဖိုဒ်ဒင်းဟာ အသက် ၆၁ နှစ်ရှိပြီး ဘေရွတ်မြို့မှာပဲ အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့တဲ့ဟစ်ဇ်ဘိုလာအုပ်စုရဲ့ ခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာလာနဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပါတယ်။

ဒါ့ပြင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ်အတွင်း ဟစ်ဇ်ဘိုလာထောက်လှမ်းရေးဌာနက အဖွဲ့ဝင် ၂၅ ဦး ကျော်လည်း အတူရှိနေခဲ့ကြပြီး ထိပ်တန်းတပ်မှူးတွေလည်း ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဆာဖိုဒ်ဒင်းက အဆိုပါ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နောက်ပိုင်းမှာ အဆက်အသွယ်လုပ်လို့မရတော့ပါဘူး။ ဒါပေမယ့် အစ္စရေးစစ်ဖက်က ဆာဖိုဒ်ဒင်းဟာ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးတယ်လို့ အောက် တိုဘာလ ၂၂ ရက်ကျမှ အတည်ပြုပြောကြားခဲ့တာပါ။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ပဋိပက္ခဖြစ်ပွားမှုအတွင်းမှာ ဟစ်ဇ်ဘိုလာဘက်က တိုက်ခိုက်ရေးသမား ၁,၅၀၀ ကျော်သေဆုံးခဲ့ပြီလို့ ခန့်မှန်းထားပါတယ်။ အခြားသော အကြမ်းဖက်အုပ်စုတွေကလည်း ၁၀၀ ခန့်ဟာ ဟစ်ဇ်ဘိုလာအုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ကျဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်နိုင်ငံမှာ အရပ်သားပြည်သူအများအပြားလည်း သေဆုံးခဲ့ရပါတယ်။

Ref- The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *