October 23, 2024

◾ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက် လုယက်သိမ်းယူထားသည့် လားရှိုးမြို့ကို ၁၉ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်

၂၃. ၁၀.၂၀၂၄
Written by Nay Moe

ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီ ၃၅ မိနစ်ခန့်မှာ လားရှိုးမြို့အဝင် ဆိုင်းဘုတ်အနီးက MNDAA လက်နက်ကိုင်တွေ ခိုအောင်းနေထိုင်နေတယ်လို့ သတင်းသိရှိရတဲ့ ရိုးရာဆန်အရက်ချက်စက်ရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

MNDAA လက်နက်ကိုင်အဖွဲ့ဝင်တွေတည်ထောင်ထားတဲ့ လားရှိုးမြို့ပြန်လည်ထူထောင်ရေး စာမျက်နှာမှာ ဖော်ပြထားမှုအရ ရိုးရာအရက်ချက်စက်ရုံဟာ တော်တော်များများမီးလောင်ပျက်စီးခဲ့တာ တွေ့ရပေမဲ့လည်း ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့တော့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် စက်တင်ဘာ ၂ ရက်မှာ သတ်မှတ်ပြီး ဒီလိုအကြမ်းဖက်လက်နက်ကိုင်တွေ ခိုအောင်းရာနေရာတွေကို ချေမှုန်းတိုက်ခိုက်တော့မှာမို့လို့ ပြည်သူတွေရှောင်ရှားဖို့ သတိပေးအပြီးမှာ MNDAA၊ AA၊ TNLA နဲ့ မန္တလေး PDF တို့ လက်ရှိဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA အကြမ်းဖက်သိမ်းယူထားတဲ့ လားရှိုးမြို့ဟာ ၁၉ ကြိမ်ခန့်လေကြောင်းတိုက်ခိုက်ခံထားရပါတယ်။

တိုက်ခိုက်မှုအားလုံးလိုလိုက MNDAA လက်နက်ကိုင်တွေ အခြေပြုဇိမ်ခံရာ ဟိုတယ်နဲ့ နိုင်ငံပိုင်အဆောက်အအုံတွေဖြစ်တဲ့ ထွေအုပ်ရုံး၊ စာသင်ကျောင်း၊ အားကစားရုံ၊ အရက်ချက်စက်ရုံ၊ စျေးနဲ့ ဂေါက်ကွင်းတွေ၊ လူနေရပ်ကွက်တွေထဲက ပြည်သူ့စစ်တွေရဲ့ နေအိမ်တွေဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေမှာ MNDAA လက်နက်ကိုင်ရာချီသေဆုံးတယ်လို့ စစ်ရေးသတင်းတွေက ဖော်ပြပေမဲ့လည်း MNDAA က ထုတ်ပြန်ချက်တိုင်းမှာတော့ သူတို့တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုကို အမြဲတမ်းဖုံးကွယ်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *