October 23, 2024

၂၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့်တိုက် ၇၁ လုံးအနက် ပြီးစီးသည့်တိုက် ၄၃ လုံး အပါအဝင် စည်းကမ်းပျက်၍ သိမ်းဆည်းထားသည့်အခန်းများနှင့် အကြောင်းအမျိုးအမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ အသိပေးကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှါးအိမ်ရာသည် စုစုပေါင်း တိုက် ၁၉၄ လုံးပါဝင်ကာ ပြီးစီးမှုအလိုက်အခန်းများ ငှါးရမ်းခွင့်ပြုလျက်ရှိသည်။ ပထမအဆင့်တိုက် ၇၃ လုံး၊ ဒုတိယအဆင့်တိုက် ၅၀ လုံးတို့ကို နေရာချထားပေးခဲ့ပြီး တတိယအဆင့်တိုက် ၇၁ လုံး လျာထားချက်၏ ပြီးစီးမှုအရ အဆင့်ဆင့် နေရာချပေးသွားမည်ဖြစ်သည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးပြီး နေထိုင်နိုင်မည့် အခန်းပေါင်း ၆၀၀ ခန့်ကို ငှားရမ်းနေထိုင်ခွင့် ရရှိမည့်သူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ယခုအောက်တိုဘာလဆန်းက အသိပေးကြေညာခဲ့ပြီးနောက် ငှားရမ်းနေထိုင်ခွင့်ရရှိသူများစာရင်းများကို မဲနှိုက်ခွင့်ရှိသူစာရင်းများအား အောက်တိုဘာ ၁၄ ရက်မှစတင်၍ အောက်တိုဘာ ၂၅ ရက်အထိကြေညာပေးနေခြင်းဖြစ်သည်။

တတိယအဆင့်အတွက် တင်ပြလာသော လျှောက်လွှာများအနက် အချက်အလက် ကိုက်ညီသူများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သူများ စုစုပေါင်းတစ်သောင်းကျော်ကို အုပ်စုများခွဲပြီး အုပ်စုအလိုက် မဲနှိုက်ခွင့်ရရှိမည့်တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစနစ်အရ အုပ်စုနှင့် တိုက်များအလိုက်ခွဲဝေကာ ပြီးစီးသည့်တိုက် ၄၃ လုံးနှင့် စည်းကမ်းပျက်၍ သိမ်းဆည်းထားသည့် အခန်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ မဲနှိုက်ခွင့်ရရှိပြီးဖြစ်သော်လည်း မိမိတို့ရရှိမည့်တိုက်များ မပြီးစီးသေးပါက ပြီးစီးသည့်အချိန်တွင် မဲနှိုက်ရန် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီး အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ပထမအဆင့်နှင့် ဒုတိယအဆင့်အငှားချထားမှုများတွင် ကနဦးကြေညာထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *