October 23, 2024

၂၃.၁၀.၂၀၂၄
Written By Thandar

ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက အမုန်း၊ အာဃာတနဲ့ အက်ရှင်ဇာတ်လမ်းပုံစံ “ရန်ကြွေး ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ရန်ကြွေးကို ဖန်တီးဖြစ်တာက ဒီလိုဇာတ်လမ်းတွဲပုံစံမျိုး ရှေ့မှာရိုက်ထားတာလည်း မရှိသေးဘူး။ ရိုက်လည်း မရိုက်ဖူးသေးဘူး။ ရိုက်ချင်တဲ့ဇာတ်ကလည်း ကျွန်တော်နဲ့ ညီအစ်ကိုလိုဖြစ်နေတဲ့ ဖြိုးလေး ရိုက်ချင်တဲ့ ဇာတ်လမ်းဖြစ်နေတယ်။ ဖြိုးလေးနဲ့ ရိုက်ဖို့ တိုင်ပင်ရိုက်ဖြစ်တာ။ ဇာတ်လမ်းက ဒီကားက နည်းနည်း အက်ရှင်ဆန်တယ်။ မိသားစုနှစ်ခုကြားမှာ မတည့်ကြတဲ့ အမုန်းတရား၊ အာဃာတတွေကို ဇာတ်တည်ထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက်က အမုန်းတွေနဲ့ လက်စားချေတာ မကောင်းဘူးဆိုတာလေးတွေ ပါပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က MT Entertainment ကို ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း ဖြိုးလေး၊ ဇာတ်ညွှန်း ဒီဒီထက်အောင်နဲ့ သူရဿဝါတို့က ရေးသားပြီးတော့ ဒါရိုက်တာ အကယ်ဒမီဝင်းလွင်ထက်က အပိုင်း ၁၆ ပိုင်းစာကို ရန်ကုန်မြို့နဲ့ နယ်မြို့တချို့မှာ ဒီလအတွင်း ရိုက်ကူးပုံဖော်သွားမယ်လို့ဆိုပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဦး၊ ဖြိုးလေး၊ နေရဲ၊ နေထွဋ်၊ စူးရှထူးကြည်၊ ချာလီ၊ ဘိုလေး၊ သူရဇော်၊ ဇွဲဝေယံထက်၊ ရှိုင်းလတ်၊ ဝါဆိုမိုးဦး၊ ယမင်းမေဦး၊ ထက်ထက်လင်းလက်၊ ယွန်းအိန္ဒြာကို၊ သဲနဒီစျာန်၊ ဇူးဇူး၊ ထက်သီရိကျော်နဲ့အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

#PhyoLay #WarSoMoeOo

#MinOo #CharLi #YaMinMayOo

#ရန်ကြွေးဇာတ်လမ်းတွဲ

#TheFamilyRevenge

Leave a Reply

Your email address will not be published. Required fields are marked *