October 23, 2024

◾️ ယခုနှစ် ဆိုက‌ရေးတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၈၄ ဆုအပါအဝင် စုစုပေါင်းဆုတံဆိပ် ၅၄၀ ပေးအပ်ချီးမြှင့်

၂၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုမြင့်မားလာအောင် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသော်လည်း ခေတ်မီဆက်သွယ်ရေးနည်းပညာများကို အသုံးချပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍမျိုးစုံက ဝင်ရောက်လာသည့် တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်လွှမ်းမိုးမှုအန္တရာယ်က ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နှစ်စဉ်မပြတ် တစ်ဆင့်ပြီးတစ်ဆင့် အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာအောင် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိတွင် မြန်မာ့ယဉ်ကျေးမှုအနုပညာများ၏ စွမ်းအင်နှင့်တန်ဖိုးကို မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်မျိုးသားလုံး၏ ရင်ထဲမှာ စွဲထင်ကိန်းအောင်းလာစေခဲ့ပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများကို တတ်နိုင်သည့်ဘက်က မြှင့်တင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ဒါပေမဲ့လည်း ခေတ်မီတိုးတက်တဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေကို အသုံးချပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍမျိုးစုံက ဝင်ရောက်လာတဲ့ တိုင်းတစ်ပါးအလေ့အထ၊ အကျင့်စရိုက်တွေရဲ့ ထိုးဖောက်လွှမ်းမိုးမှုအန္တရာယ်ကတော့ ရှိနေဆဲဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတစ်နိုင်ငဲ၏ အမျိုးသားယဉ်ကျေးမှု ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် တန်ဖိုးထားမှုစနစ်များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှုတွင် လွန်စွာအရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ပက ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်နှင့် ရှုမြင်ရမည်ဖြစ်ပြီး အန္တရာယ်ရှိခြင်းကိုလည်း သတိထားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ပြည်ပယဉ်ကျေးမှုတွေ စိမ့်ဝင်ပျံ့နှံ့လာတာနဲ့အမျှ ကျွန်တော်တို့နိုင်ငံရဲ့ စစ်မှန်တဲ့အမျိုးသားယဉ်ကျေးမှုတွေအတွက် ရတက်မအေးစရာလည်း ဖြစ်ရပါတယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ လူနေမှုစနစ် မတူညီတဲ့ တိုင်းတစ်ပါးယဉ်ကျေးမှုတွေကို အထင်ကြီးလက်ခံလိုက်တာနဲ့အမျှ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို အထင်ကြီးလေးစားမှု လျော့ပါးလာပြီး အမျိုးသားစရိုက်လက္ခာ၊ ကိုယ်ပိုင်ဟန် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ရင်ဘောာင်တန်းနိုင်စေရန်အတွက် အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားရေးလက္ခဏာနှင့် လူမှုတန်ဖိုး၊ လူမှုစံနှုန်းများကို မြင့်မားတိုးတက်အောင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ အရေးပါသည့် တန်ဖိုးစံနှုန်းများကို အမျိုးသားယဉ်ကျေးမှုနှင့်အတူ ယှဉ်တွဲပြီး မြင့်မားစေရမည်ဆိုသော အမျိုးသားရေးသန္နိဌာန်ဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ကာ ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခု ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ထူးချွန်အနုပညာရှင်များအတွက် ရွှေတံဆိပ် ၁၈၄ ဆု၊ ‌ငွေတံဆိပ် ၁၆၅ ဆု၊ ကြေးတံဆိပ် ၁၇၂ ဆုနှင့် နှစ်သိမ့်ဆု ၁၉ ဆု စုစုပေါင်း ဆုတံဆိပ် ၅၄၀ ဆု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ယခင်နှစ်ထက် စုစုပေါင်းဆုတံဆိပ်အရေအတွက် ၆၂ ခု လျော့နည်းခဲ့သည့်။ သို့သော် ယခုနှစ်တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များကို ယခင်နှစ်ထက် ပိုမိုဆုချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုများကို လျှော့ချချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *