October 23, 2024

၂၃.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းမှာ ရေဘေးရှောင်သူ လူဦးရေ ၃ဝဝဝ ကျော်အထိရှိလာပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေထံကနေ သိရပါတယ်။

“မိုးကောင်းတော့ ရေတွေကဝင်နေတုန်းပါ။ ၁၉ ရပ်ကွက်ဘက်မှာ နေအိမ်‌တွေပြိုပျက်တာရှိတယ်။ အခုတော့ သူ့ရပ်ကွက်အလိုက် သက်ဆိုင်ရာဓမ္မာရုံတွေ ကျောင်းတွေမှာစုပြီး ခိုလှုံနေရပါတယ်”လို့ နယ်မြေခံ လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုတွေဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးရရှိထားတဲ့စာရင်းအရ ရွှေပြည်သာမြို့နယ်က ကယ်ဆယ်ရေးစခန်းများ၊ ဘုန်းကြီး‌ကျောင်းများနဲ့ ဓမ္မရုံများ၊ စာသင်ကျောင်းများမှာ စုပေါင်းနေထိုင်ခိုလှုံရတဲ့‌ ရေဘေးရှောင်ပြည်သူ စုစုပေါင်းလူဦးရေက ၃၃၉၄ ဦးအထိ ရှိနေတာဖြစ်တယ်လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်အတွင်းရှိ နှင်းပန်းလမ်း၊ ဒေါနလမ်း၊ စပယ်၊ ချယ်ရီ၊ ငုဝါ ၁ လမ်း၊‌ ရွှေသဇင်၊ စွယ်တော်လမ်းများမှာ လူနေအိမ်အမိုးလန်မှုက၂၁ လုံးနဲ့ ပြိုကျ ပျက်စီးတာက ၉ လုံးအထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

“လက်ရှိ ရေထဲမှာနေထိုင်ဆဲ မရွှေ့ပြောင်းသူ ထမင်း‌ထုပ်‌ဝေဖို့လိုအပ်တဲ့လူဦး‌ရေကလည်း ၂၀၀ ဝန်းကျင်လောက်ရှိနေပါတယ်”လို့ နယ်မြေခံကယ်ဆယ်ရေးသမားတစ်ဦးက ဆက်ပြီး ပြောပြပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်မြို့မှာ လေးရက်ဆက်တိုက်ခန့် မိုးရွာသွန်းခဲ့ပြီး အနိမ့်ပိုင်းမြို့နယ်၊ ရပ်ကွက်အချို့မှာ ရေဝင်ရောက်မှုနဲ့ ရေကြီး၊ရေလျှံမှုတွေ ဒီကနေ့အထိဖြစ်ပွား‌နေတာလည်းဖြစ်ပါတယ်။

Photo – CJ

#ဆိုက်ကလုန်းမုန်တိုင်း #ရွှေပြည်သာ #ရေကြီးရေလျှံ #ရန်ကုန် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *