October 23, 2024

၂၃ .၁၀. ၂၀၂၄
Written by Hey Mar

ရေထဲဓာတ်ကြိုးပြုတ်ကျနေတဲ့နေရာကို အမျိုးသမီးတစ်ဦး ဖြတ်သွားရာက ဓာတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မနက်အစောပိုင်းက ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ ပိတောက်လမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးထံကနေ သိရပါတယ်။

ဖြစ်ပွားခဲ့တာက ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၅နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပြီး အမျိုးသမီးမှာ အသက် ၄၀ ဝန်းကျင်အရွယ် မနော်ဖူး ဆိုသူဖြစ်ကာ ‌ရွှေပြည်သာ စက်မှုဇုန်အပိုင်း(၁) ထဲက သူအလုပ်လုပ်တဲ့ စက်ရုံဆီ မနက် (၆)နာရီ ဝင်ရမှာမို့ သွားဖို့ ထွက်လာရာက အခုလို ဖြစ်တာလို့ သိရပါတယ်။

ဖြစ်စဉ်ကို အစအဆုံးသိရှိသူ ရပ်ကွက်နေပြည်သူတစ်ဦးက “မနေ့ကတော့ မီးတွေ ဖြတ်ထားပေမယ့် ဒီမနက် အစောကြီးထဲက မီးလာလို့ ကျွန်တော်တို့လည်း ချက်ပြုတ်နေချိန် ဓာတ်လိုက်တယ်ဆိုတာ ကြားတာ။ အနီးအနားက ပြောတာတော့ လမ်းပေါ် သွယ်ထားတဲ့ ဓာတ်ကြိုးပြတ်ကျနေတာလို့ ပြောတယ်။ သူ့အဆောင်က ထွက်ပြီး တာလမ်းပေါ်အတက်မှာတင်ဖြစ်တာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

‌‌အခင်းဖြစ်နေရာကို နယ်ထိန်းအပါအဝင် သက်ဆိုင်ရာက လာရောက်ကြည့်ရှုဆောင်ရွက်ခဲ့ပြီး ပြတ်ကျနေတဲ့မီးကြိုးကို မီး ခေတ္တဖြတ်တောက်ကာ ရှင်းလင်းပြီး‌ကြောင်းလည်း သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး မနေ့က ည ၈ နာရီ ဒီမနက် ၈ နာရီအတွင်း ရေ လေးလက်မခန့် ကျပေမယ့် ရေဆင်းနှေးနေပြီး ရေအကုန်မဆင်းသေးဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *