October 23, 2024

◾ မွေးဖွားခစရိတ် ရှင်းလင်းပေးရန်ငွေမရှိ၍ ထွက်ပြေးခဲ့ဟုဆိုသောကြောင့် ကုန်ကျစရိတ်ကို ဆေးရုံက တာဝန်ယူခဲ့သည့်အပြင် ကုသရန်လိုအပ်နေသည့် မွေးကင်းစကလေးငယ်ကိုပါ ဆက်လက်ကုသပေး

၂၃.၁၀.၂၀၂၄
Written By Zun

မွေးဖွားပြီးစ ရက်သားကလေးငယ်အား ပွေ့ချီ၍ မြန်မာမိသားစု ဆေးရုံက ထွက်ပြေးမှု ထိုင်းနိုင်ငံတွင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများက ရေးသားကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က မြန်မာနိုင်ငံသားခင်ပွန်းဖြစ်သူက ဇနီးသည်အား ကလေးမွေးရန် နခွန်းပထုံဆေးရုံကြီးသို့ခေါ်လာကာ ဆေးရုံတက်၍ ကလေးမွေးဖွားပြီးနောက် မွေးဖွားခရှင်းပေးမည့် ငွေမရှိ၍ မွေးဖွားပြီးစ ရင်သွေးငယ်ကိုပွေ့ချီ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမွေးဖွားထားသည့် မိခင်နှင့်ကလေးပျောက်နေသည်ကိုတွေ့ရှိ၍ လိုက်လံရှာ‌ဖွေသော်လည်း မတွေ့သည့်အတွက် CCTV မှတ်တမ်းများကို စစ်ဆေးရာ ကလေးငယ်ကိုပွေ့ချီကာ ဖခင်ရောမိခင်ပါ ထွက်ပြေး သည်ကိုတွေ့ရှိခဲ့ကြရသည်။

အဆိုပါမွေးဖွားပြီးစ ကလေးငယ်တွင် ဆီးအိမ်အတွင်း ပိုးဝင်နေသည့်အတွက် အချိန်မီဆေးကုသမှုခံယူရဦးမည် ဖြစ်သောကြောင့် ကလေးငယ်မိသားစုရှိရာနေရာသို့ ရှာဖွေရန် ဆေးရုံတက်သည့်လိပ်စာအတိုင်း ရဲတပ်ဖွဲ့ထံ ယင်းဆေးရုံက အကူအညီတောင်းခံခဲ့ရာ နခွန်းပထုံခရိုင်၊ နခွန်ချိုင်စီမြို့နယ်၊ ထာ့နာကျေးရွာရှိ အလုပ်သမားများနေထိုင်သောတန်းလျားတစ်ခုအတွင်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများက ထွက်ပြေးသွားရသည့် အကြောင်းအရင်းကို မေးမြန်းရာ ကလေးမွေးဖွား သည့်စရိတ် မပေးနိုင်သည့်အတွက်ဟု ပြောသောကြောင့် ဆေးရုံအုပ်ကြီး Mr. စူရချိုင် ချုတ်ခမ်ချစ်ချိုင်က ကုန်ကျစရိတ်အားလုံးကို ဆေးရုံကတာဝန်ယူပေးမည်ဟု အားပေးနှစ်သိမ့်ကာ ကလေးနှင့်မိဘနှစ်ဦးအား ဆေးရုံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကာ ဆက်လက်ကုသမှုပေးခဲ့ကြောင်း သိရသည်။

Sources-Photo- (fm91bkk , mgronline , siamnews , siamrath )

Leave a Reply

Your email address will not be published. Required fields are marked *