◾ တစ်ဦးလျှင် ယွမ် ၃ သိန်း( ထိုင်းဘတ်ငွေ ၁၅ သိန်း ခန့်) ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲသူများက တောင်းဆိုခဲ့သော်လည်း စီးနင်းကယ်ထုတ်
၂၃.၁၀.၂၀၂၄
Written By Zun
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ဘက်တွင် ကျားဖြန့်အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးထားသော တရုတ် ကျောင်းသား (၃) ဦးကို မြန်မာ-ထိုင်း အစိုးရချင်း ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သွန်ဘူရီ တက္ကသိုလ်၌ ပညာသင်ကြားနေသော လူငယ်မိန်းကလေးတစ်ဦးနှင့်၊ ယောကျ်ားလေးနှစ်ဦးဖြစ်သော တရုတ်ကျောင်းသား ၃ ဦးကို ကျားဖြန့်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ကာ ကရင်ပြည်နယ်၊ မြဝတီခရိုင်ဘက်သို့ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသောကျားဖြန့်အဖွဲ့မှကျောင်းသားများ၏ မိသားစုဝင်များထံ ဆက်သွယ်၍ အဆိုပါ ကျောင်းသားများအားပြန်လွှတ်ပေးစေလိုပါက တစ်ဦးလျှင် ယွမ် ၃ သိန်း( ထိုင်းဘတ်ငွေ ၁,၅၀၀,၀၀၀ ခန့်) ပေးရမည်ဟု ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
ယင်းကြောင့် ကျောင်းသား (၃) ဦး၏ မိဘများက ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့သဖြင့် မြို့တော်ရဲဌာန၊ ခရိုင်ရဲတပ်ဖွဲ့ နယ်မြေ (၆)၊ တာ့ခ်ခရိုင်ရဲမှူး၊ မဲဆောက်ခရိုင် ရဲစခန်းတို့ပူးပေါင်း၍ ပြန်လည်ကယ်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီး ပြန်ပေးဆွဲသူများ နေထိုင်သည့်တည်နေရာကို မြန်မာနိုင်ငံဘက်မှ အစိုးရတာဝန်ရှိသူများထံပေးပို့၍ ဆက်သွယ် အကြောင်း ကြားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အကြောင်းကြားလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက ပြန်ပေးဆွဲသူများခိုအောင်း နေထိုင်သောနေရာကို အောက်တိုဘာလ ၂၁ ရက်တွင်ဝင်ရောက်စီးနင်းခဲ့ကာ ပြန်ပေးဆွဲခံခဲ့ရသည့် ကျောင်း သား(၃)ဦးကို ကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ယခုအခါ ကျောင်းသားး ၃ ဦးအား တာ့ခ်ခရိုင်၊ မဲဆောက်ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းထားကာ ယင်းမှတစ်ဆင့် မိသားစုထံ လွှဲပြောင်းမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သွန်ဘူရီ တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ အများစုမှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်းလည်း သိရသည်။
Sources-Photo (siamrath , siamfocustime)