October 22, 2024

◾ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေး မဆုံးရှုံး‌အောင်  နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရ၍ လွတ်လပ်ရေး မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်ပါ မှာကြား

၂၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက်  လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ (၇၇) ကြိမ်‌မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

လွတ်လပ်ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့် အခြေအနေများကို ကမ္ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရသည်မှာ Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုးတွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ္ဘာ့ရွာကြီးဖွံဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ္ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆွဲ၍ ရန်စကားပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း၊ Hegemony ဗိုလ်ကျစိုးမိုးခြင်းကိစ္စရပ်များ၊ Multilateralism ၊ Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန်သူဆို၍ ဖိအားပေးသောကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုကျ ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများကို ယနေ့ ကမ္ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎င်းတို့အလိုကျ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည့်အတွက် အချုပ်အခြာ အာဏာ ပိုင်ခွင့်မဆုံးရှုံးအောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဦးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကိုတွေ့မြင်ရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *