October 22, 2024

၂၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အထူးဧည့်သည် (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi ၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဘက်နိုင်ငံနှင့် အဖွဲ့အစည်း များ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံများမှ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ညီလာခံပထမနေ့အဖြစ် ယနေ့တွင် ပထမအကြိမ် စုံညီအစည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ဆွေးနွေးမှုဖိုရမ်၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများအကြားဆွေးနွေး မှုဖိုရမ်တို့ကို ပြုလုပ်၍ ကော်မရှင် (အေ)၊ ကော်မရှင်(ဘီ) နှင့် ကော်မရှင်(စီ) အစည်းအဝေးများကို တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် တစ်နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် ၂ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်တွင် အကြိမ်(၂၀) မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ် (ယခု ရန်ကုန်ရှန်ဂရီလာဟိုတယ်) ၌ ပထမဆုံးအကြိမ် လက်ခံကျင်းပပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ဒုတိယအကြိမ် လက်ခံကျင်းပပေးခဲ့ကြောင်း သိရသည်။

အာဆီယံရဲအဖွဲ့ ထူထောင်ခဲ့သည့်နေ့ အထိမ်းအမှတ်အစီအစဉ်သည် ၁၉၈၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် အာဆီယံရဲအဖွဲ့ စတင်ထူထောင်ခဲ့ပြီးနောက် ၄၃ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် လက်ခံကျင်းပပေးနိုင်ခဲ့သည့် ညီလာခံအစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *