October 22, 2024

၂၂.၁၀. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံ Bayan Lepas အရပ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားတစ်ဦးဖြစ်သော မြန်မာဆောက်လုပ်ရေးလုပ်သားသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် လုပ်ငန်းခွင်၌ ဆေးသုတ်နေစဥ် ပြုတ်ကျ သေဆုံးခဲ့ကြောင်း မလေးရှားသတင်းမီဒီယာများက ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ပီနန် အလုပ်သမားများဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဌာနက အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားသည် အဆောက်အဦ၏ ၈ လွှာတွင် ဆေးသုတ်ခြင်း၊ အင်္ဂတေကိုင်ခြင်းများလုပ်ဆောင်နေချိန်အတွင်း ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မလေးရှား အာဏာပိုင်များက ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဂွန်ဒိုလာအသုံးပြုကာ ဆေးသုတ်ခြင်းများကိုရှောင်ရှားရန် တောင်းဆိုခဲ့သော်လည်းအဆိုပါဆောက်လုပ်ရေးလုပ်ငန်းတွင် မြန်မာအလုပ်သမားသည် ဂွန်ဒိုလာ အသုံးပြုကာ ဆေးသုတ်ခြင်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

မလေးရှားအာဏာပိုင်များက ” ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားဟာ ဂွန်ဒိုလာကနေ ၈ လွှာရှိ တံခါးကို တက်ရောက်ဖို့ ကြိုးပမ်းချိန်မှာပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဟာ ၈ လွှာက ပြုတ်ကျပြီးနောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားတယ်။ အထပ်မြင့်အဆောက်အဦတွေမှာဂွန်ဒိုလာ အသုံးပြုနေတာတွေကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ မြန်မာအလုပ်သမားသေဆုံးမှုအတွက် အသေးစိတ်စုံစမ်းစစ်ဆေးမယ်” ဟု ပြောသည်။

မလေးရှားအာဏာပိုင်များက သေဆုံးသူသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အတိကျဖော်ပြခြင်းမျိုးမရှိကြောင်း သိရသည်။

REf, malaymail

Leave a Reply

Your email address will not be published. Required fields are marked *