October 22, 2024

၂၂.၁၀.၂၀၂၄
Written By Zun

တောင်ငူဆေးရုံကဆင်းလာသော ဖခင်ဖြစ်သူအား ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီးပြန်အလာ တွဲကားဖြင့် မျက်နှာချင်းတိုင်တိုက်မိ၍ တစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံအရောက်တွင် ပြင်းထန်စွာရရှိထားသော ဒဏ်ရာဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ တစ်နာရီကျော်အချိန်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေ ထောက် သရက်ကုန်းကျေးရွာမှ သမီးယောက်ဖနှစ်ယောက် ဖြစ်သော အသက် ၃၅ နှစ်အရွယ် ကိုအောင်သူနှင့် အသက် ၃၇ နှစ်အရွယ် ကိုနိုင်စိုးတို့နှစ်ဦးက ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးနင်းကာ ဖခင်ဖြစ်သူအားကြို၍ ပြန်လာစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အုတ်တွင်းမြို့နယ်၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းက သိရသည်။

အဆိုပါတွဲကားမှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ လမ်းမှန်အတိုင်းမောင်းနှင်လာစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ သစ်တောကျေးရွာ စာသင်ကျောင်းရှေ့အရောက်တွင် ဆိုင်ကယ်မောင်းလာသူများက တွဲကားဘက်ကို လမ်းအမှတ်အသားစည်းကျော်၍ မျက်နှာချင်းဆိုင် ဝင် တိုက်မိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်က နှစ်ယောက်လုံး မူးနေကြတာ။ သူတို့ဆိုင်ကယ်က တွဲကားမောင်းတဲ့ဘက်ကို ရောက်ပြီး ဖြစ်တဲ့သဘောပေါ့။ ဆေးရုံဆင်းတဲ့ ဖခင်ကို ကြိုတာ။ လာတာကတော့ လူတွေအများကြီး။ မိသားစုတွေ ဖြစ်မယ်။ သူတို့က ဆိုင်ကယ်တစ်စီး နှစ်ယောက်ပေါ့။ အခင်းဖြစ်တဲ့နေရာမှာ ကိုအောင်သူက ဦးခေါင်း ဟက်တက်ကွဲတဲ့ဒဏ်ရာနဲ့ ပွဲချင်းပြီးသေသွားတယ်။ ကိုနိုင်စိုးကတော့ ဒဏ်ရာပြင်းပေမဲ့အသက်ကရှိနေသေးလို့ဆိုပြီး ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းက ကားနဲ့ တောင်ငူဆေးရုံကို ပို့တယ်။ ဆေးရုံပေါ်တီကိုရဲ့ အောက်ကိုရောက်တဲ့အခါ ဆေးရုံတာဝန်ရှိသူတွေက လာကြည့်တော့ သူလည်းသေနေပြီ။ အဲလို ဖြစ်ကြတယ်။ပွဲချင်းပြီးသေတဲ့ ကိုအောင်သူရဲ့ အလောင်းကို တောင်ငူဆေးရုံ ရင်ခွဲရုံကို တန်းပြီးထည့်တယ်။ ပေါ်တီကိုအောက်ကိုရောက်မှ သေတဲ့ ကိုနိုင်စိုးကိုလည်း ရင်ခွဲရုံကိုပဲ ထည့်ခဲ့ရတော့တာပေါ့”ဟု မြေပြင်တွင်လိုက်ပါကူညီခဲ့သူက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *