October 22, 2024

၂၂.၁၀.၂၀၂၄
Written By Thandar

ယခုနှစ်ရုပ်ရှင်ထူးချွန်ဆုတွေကို ရွေးချယ်ဖို့အတွက် အကဲဖြတ်ပညာပြည့်ဝတဲ့ ဘက်လိုက်ခြင်းကင်းတဲ့ သူတွေကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ “ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်လုပ်ငန်း” အတွက် ပါဝင်စေဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်လျှက်ရှိပါတယ်။

“ကျွန်တော်တို့ကတော့ ကိုယ့်ရုပ်ရှင်လောက တက်သစ်စလူငယ်တွေ၊ အကယ်ဒမီဆုရရှိထားတဲ့သူတွေ၊ အကယ်ဒမီဆုမရသေးလည်း အနုပညာသက်တမ်း ၁၀ နှစ်အထက် ရှိသူတွေကို ဖိတ်ခေါ်တာပါ။ ကိုယ့်ဆန္ဒတွေ၊ ဒေါသ၊ မောဟတွေနဲ့ အဂတိတရားကင်းမယ်သူတွေ နောက် သတ်မှတ်စည်းမျဉ်းအတိုင်း ပါဝင်စေချင်တယ်။ ဒီ ဇာတ်ကားကို အချိန်ပေးပြီး ကြည့်ရှုနိုင်ရမယ်။ တကယ်တော့ အကယ်ဒမီအကဲဖြတ်ချိန်နီးရင်တော့ မရှိတော့လည်း ကိုယ့်အစည်းအရုံးလူတွေပဲ လုပ်ခဲ့ရတယ်။ တခြား အနုပညာရှင် အတတ်ပညာရှင်တွေကိုလည်း ပါဝင်စေချင်တာပါ။ ကျွန်တော်တို့က အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို အဆင့် ၃ ဆင့်အထိ အလွှာအသီးသီးက ကြည့်ရှုရမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတီယဥက္ကဋ္ဌဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။

၁၉၅၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၁၉၅၃ ခုနှစ်မှ စတင် ကျင်းပလာခဲ့တာ ၂၀၁၂ ခုနှစ်မှာ ရုပ်ရှင်လောကသား ရုပ်ရှင်အနုပညာရှင်၊ ရုပ်ရှင်အတတ်ပညာရှင်ကြီးတွေကသာ ရုပ်ရှင်ထူးချွန်ဆုကို အကဲဖြတ်ပေးလျက် ရှိခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ်နောက်ခံ တေးဂီတအလွှာနဲ့ ထုတ်လုပ်သူအလွှာ၊ စက်မှုအလွှာ ဇာတ်ပို/ဇာတ်ရံအလွှာ စတဲ့အလွှာအသီးသီးက စစ်ဆေးကြည့်ရှုရမှာလည်းဖြစ်ပါတယ်။

အကဲဖြတ်အဖွဲ့ ဝင်တွေလိုသူတွေက ရုပ်ရှင်ထူးချွန်ဆုရရှိထားသူတွေ၊ ထူးချွန်ဆုမရပေမယ့်လည်း ရုပ်ရှင်ပညာသည်အနေနဲ့ ရုပ်ရှင်သက် ၁၀ နှစ်ထက်မနည်း အတွေ့အကြုံရှိသူတွေ၊ မိမိရဲ့ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ အဂတိတရားလေးပါးနဲ့ လွတ်ကင်းသူတွေ၊ ဘက်လိုက်မှုကင်းသူတွေ၊ အုပ်စုဖွဲ့ပြီး မိမိဆန္ဒရှိသူကို ထူးချွန်ဆုပေးတာက လွတ်ကင်းသူတွေအပြင် ရုပ်ရှင်ကားတွေကို ကြည့်ရှုဖို့ အချိန်ပေးနိုင်ပြီးတော့ ကျန်းမာရေးကောင်းမွန်သူတွေကို ရုပ်ရှင်ထူးချွန်ဆုအကဲဖြတ်ဖို့ ပါဝင်လာဖို့ မေတ္တာရပ်ခံနေတာလည်းဖြစ်ပါတယ်။

အဆိုပါ အကယ်ဒမီ စာရင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးတွေကို တစ်နေ့လျှင် နှစ်ကားနှုန်း ကြည့်ရှု စစ်ဆေးပြီး အမှတ်ပေးအကဲဖြတ်ရမှာလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် မြန်မာရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ဇာတ် ကားတွေကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင်ကြည့်ရှုမှုတွေလုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ အကယ် ဒမီ စာရင်းဝင် ဇာတ်ကားတွေကိုလည်း အချိန် ၃ လနီးပါးပေးပြီး ကြည့်ရှုရမှာလည်းဖြစ်ပြီး ဇာတ်ကားတွေကို ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့်အထိ ကြည့်ရှုစစ်ဆေးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *