October 22, 2024

၂၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ယနေ့ကမ္ဘာမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအင်အားစုတွေအကြား အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုကိုတုံ့ပြန်ရပ်တည်နိုင်ဖို့ ထွက်ပေါ်လာတဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကို ပြပါဆိုရင် BRICS အုပ်စုက ရှေ့ဆုံးကရှိပါလိမ့်မယ်။

BRICS အုပ်စု စတင်ပေါ်ပေါက်လာတာက ၂၀၀၉ ခုနစ်မှာ ဖြစ်ပြီး အဲဒီတုံးက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ပါဝင်ကြကာ BRIC လို့သာ ခေါ်ပါသေးတယ်။ ဒီလေးနိုင်ငံက ထိုစဉ်က ကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အလျင်မြန်ဆုံးနိုင်ငံတွေဖြစ်ခဲ့ပြီး သူတို့နိုင်ငံတွေရဲ့စီးပွားရေးတွေက ၂၀၅၀ ပြည့်နှစ်ကျရင်တော့ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စတင်ပေါ်ပေါက်လာခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာတော့ တတိယမြောက် BRIC အုပ်စုရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားလာနေတဲ့ တောင်အာဖရိကနိုင်ငံပါ ပါဝင်လာပြီးတဲ့နောက် BRICS လို့ ပြောင်းလဲခေါ်ဝေါ်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ BRICS အုပ်စုရဲ့ စီးပွားရေးအင်အားက အရေးပါတဲ့အင်အားစုတစ်ရပ်အဖြစ် တည်ရှိလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ခုချိန်မှာတော့ BRICS အုပ်စုရဲ့ ၁၆ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မူလတည်ထောင်သူ ငါးနိုင်ငံအပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ အုပ်စုရဲ့ အဖွဲ့ဝင်သစ်တွေအဖြစ် လက်ခံခဲ့တဲ့ အီဂျစ်၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနဲ့ အီသီယိုးပီးယား ငါးနိုင်ငံတို့ပါဝင်တာကြောင့် အဖွဲ့ဝင်ဆယ်နိုင်ငံ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်က ဒီဆွေးနွေးပွဲကို BRICS အုပ်စုသို့ အဖွဲ့ဝင်လျှောက်ထားကြတဲ့ ဒါမှမဟုတ် အဖွဲ့ဝင်အဖြစ် လက်ခံဖို့စဉ်းစားခံနေရတဲ့ ကမ္ဘာ့နိုင်ငံနှစ်ဆယ်ကျော်က ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့တာကြောင့် တခြားနိုင်ငံ့ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီလိုမိတ်ဖက်နိုင်ငံတွေ တက်ရောက်လာတဲ့ BRICS အုပ်စုနိုင်ငံတွေက အခုအခါ အဖွဲဝင်တွေချည်းပဲတင် ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းခန့်ရှိနေပါပြီ။ ဒီလို မိတ်ဖက်နိုင်ငံတွေထဲမှာ တူရကီ၊မလေးရှားတို့လို နိုင်ငံတွေက BRICS အုပ်စုကိုဝင်ဖို့ လျှောက်ထားကြသလို အဖွဲ့ဝင်ဖြစ်ဖို့စိတ်ဝင်စားနေတဲ့နိုင်ငံတွေကလည်း အများအပြားရှိနေပါတယ်။

ဒါဆိုရင် ရုရှားနိုင်ငံမှာကျင်းပတဲ့ ဒီ ၁၆ ကြိမ်မြောက် BRICS အုပ်စုရဲ့ ထိပ်သီးဆွေးနွေးပွဲက နိုင်ငံတကာအမြင်သုံးသပ်ချက်မှာ ဘယ်လို ဖြစ်လာသလဲ စိတ်ဝင်စားစရာပါ။

ဒီနေ့ ကမ္ဘာကြီးရဲ့ စီစဉ်တကျဖွဲ့စည်းမှုက ပြီးခဲ့တဲ့နှစ်တွေအတွင်း သိသိသာသာကြီးပြောင်းလဲလာနေတာ တွေ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့မှာ အမေရိကန်ပြည်ထောင်စုကသာ ဦးဆောင် နေရာယူတဲ့ အစီအစဉ်အတိုင်း တည်ရှိလာနေတာ ကြာပါပြီ။ ဒါပေမဲ့ နှစ်ဆယ့်တစ်ရာစုရဲ့ ဒုတိယဆယ်စုနှစ်မှာတော့ အမေရိကန်ရဲ့ ကမ္ဘာ့နယ်ပယ်တွေမှာ လက်ဝါးကြီးအုပ်လွှမ်းမိုးမှုကို မခံလိုကြတော့တဲ့ နိုင်ငံအတော်များများက နည်းမျိုးစုံနဲ့ ကြိုးစားမှုတွေကို တွေ့လာရပါတယ်။

ဒီမှာမူလတည်ထောင်စဉ်က ရည်မှန်းချက်က ငါးနိုင်ငံရဲ့စီးပွားရေးအတွက်သာဖြစ်တဲ့ BRICS အုပ်စုဟာလည်း နိုင်ငံတကာအခြေအနေတွေပြောင်းလဲလာတာနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေပိုလို့များလာဦးမယ့် အခြေအနေကို ထင်ထင်ရှားရှား တွေ့လာရပါပြီ။

ဒီကာလကြီးမှာ အမေရိကန်ရဲ့ ရုရှားအပေါ်ထားရှိတဲ့တစ်ခုတည်းသော သဘောထားကတော့ ယူကရိန်းကို ကျူးကျော်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းက ထုတ်ပယ်ထားရေး၊ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ရုရှားနိုင်ငံရဲ့ စီးပွားရေးကျဆင်းကာ ပူတင်အနေနဲ့ အရှုံးပေး အညံ့ခံရတဲ့ဘဝကို ရောက်ရေးတို့ပါပဲ။ ဒါပေမယ့် ယူကရိန်းစစ်ပွဲကသာ သုံးနှစ်နီးပါးရှိလာပါပြီ။ ရုရှားကတေ့ာ စစ်ဒဏ်ကို ကြံ့ကြံ့ခံ နေနိုင်ဆဲပါ။

တစ်ခါ အပြည်ပြည်ဆိုင်ရာတရားရုံးကနေ ပူတင်ကို ဖမ်းဝရမ်းထုတ်ဖိအားပေးကာ အထီးကျန်ဖြစ်အောင်လုပ်ခဲ့တာက တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာ လက်ရှိကျင်းပနေတဲ့ BRICS အုပ်စု ထိပ်သီးဆွေးနွေးပွဲကို ကြည့်လိုက်ရင်သိသာလှပါပြီ။ အမေရိကန်က အထီးကျန်ဖြစ်အောင်လုပ်နေတဲ့အချိန်မှာ ရုရှားဘက်ကလည်း မိတ်ဆွေနိုင်ငံတွေ ဘယ်လောက်ရှိတယ်ဆိုတာ ဒီထိပ်သီးဆွေးနွေးပွဲကနေ တုံ့ပြန်ခဲ့တာပဲလို့ ဆိုနိုင်ပါတယ်။

တစ်ပြိုင်ထဲမှာ BRICS အုပ်စုနိုင်ငံတွေရဲ့ စီးပွားရေးက အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ ထရီလျံ(ပေါင် စတာလင် ၂၂ ထရီလျံ) ရှိလာပါပြီ။ ဒါက ကမ္ဘာ့စီးပွားရေးရဲ့ ၂၈ ရာခိုင်နှုန်းခန့်ရှိနေပါပြီ။ ဒါကြောင့်လည်း အနာဂတ်မှာ BRICS အုပ်စုက ဂျီ-၇ အဖွဲ့ကို ရင်ပေါင်တန်းနိုင်တဲ့အဖွဲ့ ဖြစ်လာလေမလား။ အဖွဲ့ဝင်တွေပိုမိုတိုးတက်လို့ ကမ္ဘာမှာ ဒီထက် အင်အား‌ကောင်းတဲ့ အဖွဲ့ကြီးအဖြစ် ပြောင်းလဲလာချိန်မှာ BRICS အုပ်စုအနေနဲ့ ကမ္ဘာ့နိုင်ငံအများစုလိုလားနေတဲ့ တန်းတူညီမျှပြီး စနစ်ကျတဲ့ ဗဟုဝင်ရိုးစွန်းကမ္ဘာကြီးဖြစ်လာအောင် ဦးဆောင်မှုပေးနိုင်မလားဆိုတာကို များမကြာတဲ့နှစ်တွေမှာ ထင်ထင်ရှားရှားမြင်သာလိမ့်မယ်လို့ယူဆမိပါတယ်။

Ref-bbc, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *