October 22, 2024

၂၂. ၁၀. ၂၀၂၄
Written by Nay Moe

မနေ့က မြရွှေယုန်ရွှေဆိုင် ရွှေငါးပိဿာလုယက်ခံရအပြီးမှာ ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးသတိရှိဖို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ဒီ​နေ့မှာ သတိပေးချက် ထုတ်ပြန်လာပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရွှေဆိုင်နေရာတွေမှာ CCTV တပ်ဆင်ထားသလို နေအိမ်ပတ်ဝန်းကျင်နဲ့ ကားပါကင်နေရာမှာပါ CCTV တပ်ဆင်ထားဖို့၊ အရေးပေါ် Alarm Bell တပ်ဖို့လည်း ထုတ်ပြန်ချက်နဲ့ သတိပေးထားပါတယ်။ ဒါ့အပြင် ရွှေငွေ သယ်ဆောင်တဲ့ ကားတွေရဲ့ လုံခြုံရေးကို အထူးသတိထားဖို့အတွက်လည်း Camera တပ်ဆင်တာ၊ GPS စနစ်တွေတပ်ဆင်တာ လုပ်ဆောင်ပြီး ဒုစရိုက်လုယက်မှု မဖြစ်ပေါ်အောင် ကာကွယ်ကြဖို့ အသိပေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ ၂၁ ရက်မှာဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂)က ဦးဝင်းအောင် နေအိမ်ခြံရှေ့မှာ မြရွှေယုန်ရွှေဆိုင် ဆိုင်သိမ်းပြီး ပြန်ယူလာတဲ့ ရွှေငါးပိဿာပါသေတ္တာသုံးလုံးကို လူ ၆ ဦးက သေနတ်ပစ်ဖောက် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အခုလိုထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်အပြီး PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ၆၀၀ လောက် ထွက်ပေါ်လာချိန်မှာ နိုင်ငံတစ်ဝန်းက ရွှေဆိုင်တွေ မကြာခဏ ဓားပြတိုက်ခံခဲ့ရသလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာမှာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဓားပြတိုက်သူ ၆ ဦးကို ဖမ်းမိထားပြီလို့ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့ပေမဲ့ ဖမ်းမိထားသူတွေဟာ PDF တွေလို့ ဝေဖန်ကြအပြီးမှာ နဝရတ်ရွှေဆိုင်ဓားပြမှုနဲ့ ပတ်သက်ပြီး ဆက်လက်ဖြေရှင်းချက်မထုတ်ပြန်တော့တာ တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ခေါင်းဆောင်ကို ပစ်သတ်ပြီး ဖျက်သိမ်းခံလိုက်ရတဲ့ NUG လက်အောက်ခံ မြင်းခြံခရိုင် တပ်ရင်း (၅) MG 6 ပြောက်ကျားတပ်ဟာလည်း မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်၊ စည်ပင်သာယာစျေးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်မှာ ဓားပြတိုက်ပြီး ဆိုင်ရှင်ဦးဇော်နိုင်ထွန်းကို သေနတ်နဲ့ ပစ်သတ်မှု ကျူးလွန်ခဲ့တယ်လို့ MG6 ပြောက်ကျားတပ်ခေါင်းဆောင် ဖိုးချမ်း (ခ) တပ်ရင်းမှူးဗိုလ်ကျော်လင်းထွန်းကို သတ်ဖြတ်ပြီး MG6 တစ်တပ်လုံး လက်နက်ဖြုတ်သိမ်းခဲ့တဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် MG6 PDF တွေဟာ ရွှေဆိုင်ဓားပြတိုက်လူသတ်ရုံမက တခြား လူသတ်မှု၊ လုယက်မှုတွေ ရာချီပါ ကျုးလွန်ခဲ့တာကြောင့် လက်နက်ဖြုတ်သိမ်းလိုက်တာလို့လည်း ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း သတင်း ထုတ်ပြန်စဥ်မှာ ဖော်ပြခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *