October 22, 2024

◾ MNDAA ကို အကြမ်းဖက်ဟု ကြေညာပြီးနောက် လားရှိုးလေကြောင်းတိုက်ခိုက်ခံရမှု ၁၈ ကြိမ်ထက်မနည်း ရှိလာ

၂၂.၁၀.၂၀၂၄
Written By Zun

MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ယနေ့ အောက်တိုဘာ ၂၂ ရက်သို့ ကူးစအချိန်(အောက်တိုဘာလ ၂၁ ရက် ညသန်းခေါင်ကျော်)က လေကြောင်းတိုက်ခိုက်မှု ထပ်မံခံရသောကြောင့် ၃ ဦးဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန် သည်။

အထူးဒေသ(၁)၏မြို့တော် လောက်ကိုင်မြို့နှင့် ကိုးကန့်၊ နမ့်ဟူးမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လားရှိုးကို ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အောက်တိုဘာ ၂၂ ရက် နံနက်ပေါ့။ ည ၁၂ နာရီနဲ့ မိနစ် ၂၀ လောက်ဖြစ်မယ်။ တိုက်လေယာဉ်ကနေ ဗုံး ၂ လုံး ကြဲချတယ်။ ပေါက်ကွဲသံအကျယ်ကြီးပဲ။ လူ ထိတာရှိတယ်။ အိမ်လည်း ပျက်စီးတာ ရှိတယ်လို့ သိရတယ်။ စစ်ရှောင်တချို့က လားရှိုးကို ပြန်တဲ့သူတွေ ရှိတယ်။ အခု သူတို့ လားရှိုးကနေ ထွက်လာဖို့ ခက်နေကြတယ်။ သူတို့က ပြန်မိတာ မှားသွားတယ်လို့ ပြောနေကြတယ်” ဟု လားရှိုးမြို့ဒေသခံက MT News ကို ပြောသည်။

ယင်းဗုံးကြဲခံရမှုကြောင့် လားရှိုးမြို့ပေါ်၊ မန်ဆူဘုရားအနီးရှိ ရပ်ကွက် ၁၂ အတွင်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်းနှင့် လူ ၃ ဦးဒဏ်ရာရကြောင်း၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လူနေအဆောက်အအုံများသို့ အမြန်သွားရောက်ကာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း၊ ဒဏ်ရာရရှိခဲ့သူ ၃ ဦးကိုဆေးရုံသို့ ကုသရန် ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်ဘက်က အထူးဒေသ(၁) လောက်ကိုင်မြို့၊ သိန္နီနှင့် လားရှိုးမြို့စသော ဒေသသို့ပစ်မှတ်ထားဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်သည့်မှာ ၃ လကျော်ရှိပြီဖြစ်ကြောင်း၊ ယင်းကာလအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူ အရေအတွက် တစ်ရာကျော်ရှိပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် ယနေ့တိုက်ခိုက်မှုကို MNDAA ၏ မိတ်ဖက်ဖြစ်သော FYV က ပုံနှင့်တကွဖော်ပြမှုကို ပြန်လည်ဖြုတ်ချခဲ့သလို တစ်ဆင့်ပြန်လည်ဖော်ပြသည်များကိုလည်း ပြန်၍ဖြုတ်ချရန် တောင်းဆိုနေမှုတွေ့ရပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ ယနေ့တိုက်ခိုက်မှုကြောင့် MNDAA လက်နက်ကိုင်အများအပြားသေဆုံးခဲ့သဖြင့် FYV က ပြန်လည်ဖုံးဖိနေခြင်းဖြစ်သည်ဟုလည်း သတင်းများဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *