October 22, 2024

၂၂.၁ဝ.၂ဝ၂၄
Written by K Pyay Thein

လူမှုကွန်ရက်မှာ မနေ့က ကိုရင်သုံးပါးပျောက်ဆုံးကြောင်း ပို့စ်တင် အကူအညီတောင်းခံခဲ့ပေမဲ့ ဒီနေ့မှာတော့ ပျောက်ဆုံးသွားခဲ့တယ်လို့ဆိုတဲ့ တိုင်းရင်းသား ပလောင်ကိုရင်လေး ၃ ပါးကို မန္တလေးမြို့မှာပြန်လည်တွေ့ရှိခဲ့ပြီး ကိုရင်လေးတွေက မိမိသဘောနဲ့ မိမိဆန္ဒအရ နယ်ပြန်ကြွသွားခြင်းဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့မှာရှိတဲ့ ကိုရင်လေးတွေရဲ့အုပ်ထိန်းသူဆရာတော်ဖြစ်တဲ့ အရှင်ဩဘာသ(တွံ့တေး)က မိန့်ကြားပါတယ်။

“ကိုရင်လေးတွေကို ပြန်တွေ့ပါပြီ။ မန္တလေးမှာ ပြန်တွေ့တာပါ။ ကိုရင်လေး ၃ သုံးပါးလုံး ဘေးမသီ၊ ရန်မခဘဲ ကျန်းကျန်းမာမာနဲ့ ထိခိုက်မှုမရှိဘဲ ပြန်တွေ့ပါတယ်။ ကိုရင်လေးတွေက သူတို့သဘောအရ သူတို့ပြန်သွားကြတာပါ။ ကျောင်းတိုက်ကို မပြောသွားတော့ ကျောင်းဘက်ကစိတ်ပူလို့ ပို့စ်တင်လိုက်တာပါ။ မန္တလေးမြို့မှာရှိတဲ့ ကျောင်းတိုက်က ကိုရင်လေးတွေရဲ့ မိခင်ကျောင်းပါ။ ကိုရင်လေးတွေက ဒီမှာစာသင်သားအဖြစ်နဲ့ လာရောက်သီတင်းသုံးနေထိုင်ကြတာပါ။ ကိုရင်လေးတွေရဲ့ မိခင်ကျောင်းတိုက်က ဆရာတော်နဲ့လည်း အဆက်အသွယ်ရပါပြီ။ ဒီကနေ ကိုရင်လေးတွေက သူတို့ဘာသာသူတို့ လိုင်းကားစီးသွားတယ် ပြောပါတယ်။ ရန်ကုန်ကနေ မန္တလေးကိုပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုန်းဘုန်းတို့ဘက်ကတော့ ဘာမှမှတ်ချက် မပြုလိုပါဘူး”လို့ အရှင်ဩဘာသ(တွံ့တေး) က MT News ရဲ့ မေးမြန်းမှုကို မိန့်ကြားခဲ့ပါတယ်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့က တိုင်းရင်းသားကိုရင်လေး ၃ ပါးဟာ နံနက် ၃ နာရီ အချိန်လောက်ကစလို့ ကျောင်း တိုက်ကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး ကိုရင်လေးတွေဟာ မြန်မာစကားလည်းမကျွမ်းကျင်တဲ့အတွက် တွေ့ရှိပါက လှည်းကူးမြို့နယ်၊ သာယာကုန်းအုပ်စု၊ ပျည်ထောင်စုရွာ၊ အောင်တံခွန်ပရိယတ္တိစာသင်တိုက်ကို အကြောင်းကြားပေးဖို့ ဆရာတော် အရှင်ဩဘာသ(တွံ့တေး)က Facebook လူမှုကွန်ရက်ပေါ်မှာ မေတ္တာရပ်ခံထားခဲ့တာဖြစ်ပါတယ်။

“အခုပလောင် ကိုရင်လေး ၃ ပါးပြန်တွေ့ပြီဆိုတဲ့ အကြောင်းကိုလည်း ဘုန်းဘုန်းပြန်တင်ပေးထားပါတယ်”လို့ အရှင်ဩဘာသ(တွံ့တေး)က ဆက်လက် မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်က စာသင်တိုက်အချို့အနေနဲ့ တိုင်းရင်းသားဒေသတွေဘက်က လာရောက်သီတင်းသုံးနေထိုင်တဲ့ ကိုရင်ငယ်လေးတွေအ‌ပေါ် အရမ်းကာရော စည်းကမ်းတင်းကြပ်တာမျိုးတွေမလုပ်သင့်ဘူးလို့လည်း ပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

“အလွန်အကျူး စည်းကမ်းတင်းကြပ်တာ၊ အလုပ်ခိုင်းထားတွေရှိရင်လည်း လျှော့ပေါ့ပေးကြပါ။ တချို့ တိုင်းရင်းသားလေးတွေက ဒီမှာ သိပ်မပျော်ကြဘူးလို့ထင်ပါတယ်”လို့ သူက မှတ်ချက်ပြုထားပါတယ်။

လက်ရှိမှာ ပလောင်ကိုရင်လေး ၃ ပါးဟာ သူတို့ရဲ့မိခင်တိုက်ဖြစ်တဲ့ မန္တလေးက ကျောင်းတိုက်မှာပဲ ကျန်းကျန်းမာမာနဲ့ ရှိ
နေတယ်လို့ သိရပါတယ်။

Photo – အရှင်ဩဘာသ(တွံ့တေး)

#ပလောင်ကိုရင် #သုံးပါး #စာသင်သား

#မန္တလေး #ပျောက်ဆုံး #ရှာတွေ့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *