October 22, 2024

၂၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတစ်ဦးကို ခါးပိုက်နှိုက်မှုကစလို့ ဘန်ကောက်မြို့အတွင်းမှာ ကျက်စားနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ခါးပိုက်နှိုက် ကိုးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

သူတို့ကိုးဦးကလည်း အလားတူပြစ်မှုတွေကို ဘန်ကောက်မြို့အတွင်း ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားရာနေရာတွေမှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကပစ်မှတ်ထားပြီး အကြိမ်များစွာ ကျူးလွန်ခဲ့တာကို ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတစ်ဦး က အောက်တိုဘာလ ၁၆ ရက် ညနေ ၆ နာရီ မိနစ် ၄၀ လောက်က ဘန်ကောက်မြို့၊ ဝတ်သာနာခရိုင်၊ ဆူခွန်ဗစ်လမ်းသွယ် ၃၃ မှာ သူ့ကို ခါးပိုက်နှိုက်ဂိုဏ်းတစ်ခုက ပစ်မှတ်ထားပြီး နှိုက်ယူဖို့ကြိုးစားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကိုတိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲတပ်ဖွဲ့က ဘန်ကောက်မြို့၊ ဖာရာထိုင်းခရိုင်ရှိ ဟိုတယ်တစ်ခုမှာနဲ့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ ဖိလစ်ပိုင်အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးခုနှစ်ဦးတို့ ပါတဲ့ ခါးပိုက်နှိုက်ဂိုဏ်းကို ဖမ်းမိခဲ့တာပါ။

ထောက်လှမ်းရေးကိရိယာတွေကနေ ပြန်လည်ကြည့်ရှုတဲ့အခါမှာ ခါးပိုက်နှိုက်ဂိုဏ်းဝင်တွေက တောင်ကိုရီးယားနိုင်ငံသားကို ဝန်းရံကာ သွားလာမှုတွေ မလွတ်လပ် နှေးကွေးသွားအောင် လုပ်ထားပြီးမှ တစ်ဦးက ပိုက်ဆံအိတ်ကို နှိုက်ယူခဲ့တာ တွေ့ကြရပါတယ်။ ဒီနောက်မှာတော့ ခါးပိုက်နှိုက်ဂိုဏ်းဝင်တွေက အဲဒီနေရာက အဝေးကို ရှောင်တိမ်းသွားကြတာတွေ့ရပါတယ်။

ရဲတပ်ဖွဲ့က သူတို့နောက်ကို ခြေရာခံလိုက်ခဲ့တဲ့အခါမှာ ခုနစ်ဦးကိုတော့ ဖာရာထိုင်းခရိုင်ရှိ ဟိုတယ်မှာ ဖမ်းမိခဲ့ပြီး နှစ်ဦးကိုတော့ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖိလစ်ပိုင်ကိုပြန်ဖို့ ပြင်ဆင်နေတုံး ထပ်မံဖမ်းမိခဲ့တာပါ။

သူတို့ကို ရဲတပ်ဖွဲ့ကမေးမြန်းချက်တွေအရလည်း ဘန်ကောက်မြို့၊ ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားရာနေရာတွေမှာ ခါးပိုက်နှိုက်မှုတွေ ကျူးလွန်ခဲ့တာ ဝန်ခံခဲ့ကြပါတယ်။ သွမ်လိုနဲ့ လုမ္ဗနီ ရဲစခန်းအပိုင်နယ်မြေတွေမှာ သူတို့ကအခန်းတွေငှားနေပြီး ခါးပိုက်နှိုက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့လည်း ဝန်ခံခဲ့ကြပါတယ်။

သူတို့က ဘန်ကောက်မြို့ရဲ့ နေရာပေါင်းစုံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာလည်း ဝန်ခံခဲ့ကြပါတယ်။ ဒီခါးပိုက်နှိုက်မှုတွေက ရရှိတဲ့ငွေသားနဲ့ ပစ္စည်းတွေကို ခွဲဝေယူခဲ့ကြပြီး တချို့ငွေသားတွေကိုတော့ သူတို့ရဲ့ ဘဏ်ငွေစာရင်းတွေကနေ ဖိလစ်ပိုင်ပွဲစားတစ်ဦးဆီကို လွှဲပြောင်းပေးကြရတယ်လို့လည်း ပြောခဲ့ကြပါတယ်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *