October 22, 2024

၂၂.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က ရပ်ကွက်ကြီး (၆)ခုမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းအချိန်အထိ လူနေအိမ်များစွာအတွင်း ရေများဝင်ရောက်လျက်ရှိတယ်လို့ နယ်မြေခံလူမှုကူညီရေးသမားတွေက ပြောပါတယ်။

လက်ရှိမှာ ရေဝင်နစ်မြုပ်ရာ နေရာတွေကို ထမင်းထုပ်ပေးဝေလှူဒါန်းနိုင်ဖို့ ပရဟိတအဖွဲ့တွေက စီစဉ်နေတယ်လို့ ဆိုပါတယ်။

“အခု ရန်ကုန်ပြန်ကူရပြီပေါ့။ လက်ရှိ အရှေ့ဒဂုံ ရေတက်အခြေအနေလေးက အရှေ့ဒဂုံက ရပ်ကွက် (၁၁၊ ၁၄၊ ၁၅၊၁၁၈၊ ၁၁၉၊ ၁၀၈)တွေမှာ ရေဝင်ရောက်နေပါတယ်။ ကျွန်တော်တို့ အခုပဲ ဒဂုံထဲက ရပ်ကွက်တွေကို ပတ်ကြည့်နေပါတယ်။ နောက် ဒဂုံဆိပ်ကမ်းမြို့နယ်က (၆၀) ရပ်ကွက်မှာလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ အစားအသောက်တွေလိုအပ်နေပါတယ်။ အခု ရန်ကုန်တိုင်း လူမှူကူညီကယ်ဆယ်ရေးအဖွဲ့ (YRO)က အရေးပေါ်အနေနဲ့ ထမင်းချက်ပြီး လှူဒါန်းပေးဖို့စီစဉ်နေပါတယ်”လို့ ပရဟိတ လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်မြို့မှာ သုံးရက်ဆက်တိုက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်‌တွေအပါအဝင် မရမ်းကုန်းမြို့နယ်က ရပ်ကွက်အချို့နဲ့ ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်မြို့နယ်တို့က အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုနဲ့ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ပုံစာ – မိုးရွာသွန်းမှုကြောင့် ဒဂုံအရှေ့မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေဝင်ရောက်နေမှု (Photo – CJ)

#ဆိုက်ကလုန်းမုန်တိုင်း #မိုးသည်းထန် #ရေကြီးရေလျှံ

#ဒဂုံအရှေ့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *