October 22, 2024

၂၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ဖျူထိုင်းပါတီနဲ့ တခြားညွန့်ပေါင်း အစိုးရအဖွဲ့ဝင် ခြောက်ပါတီကို လွှမ်းမိုးမှုရှိနေတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားမှုတွေကို လက်ခံသဘောတူခဲ့ပြီးတဲ့နောက် လက်ရှိဝန်ကြီးချုပ် ပေတုံတန်ကလည်း ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးလာမှာအတွက် စိုးရိမ်မှုမရှိပါလို့ အောက်တိုဘာလ ၂၂ ရက်မှာ ပြောခဲ့ပါတယ်။

ပေတုံတန်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးလည်းဖြစ်ပြီး ဖျူထိုင်းပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။အောက်တိုဘာလ ၂၁ ရက်မှာ ရွေးကောက်ပွဲကော်မရှင်က ဖျူထိုင်းနဲ့ညွန့်ပေါင်းခြောက်ပါတီကိုဖျက်သိမ်းဖို့ တရားဝင်တိုင်ကြားချက် ခြောက်ခုကိုသုံးသပ်ခဲ့ပြီးတဲ့နောက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီတိုင်ကြားချက်တွေမှာ အစိုးရဖွဲ့စည်းခဲ့စဉ်အတွင်း ဆုံးဖြတ်ချက်တွေအပေါ် သက်ဆင်အနေနဲ့ လမ်းညွှန်လွှမ်းမိုးမှုဖြစ်အောင် ခွင့်ပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီတိုင်ကြားစာတွေမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဖျူထိုင်းပါတီဝင်မဟုတ်တော့တဲ့အတွက် သူ့လို ပြင်ပလူတစ်ဦးအနေနဲ့ နိုင်ငံရေးပါတီတစ်ခုကို လွှမ်းမိုးလာတာဟာ နိုင်ငံရေးပါတီများအက်ဥပဒေနဲ့ ဆန့်ကျင်နေလို့ ပါတီကိုဖျက်သိမ်းဖို့ တင်ပြလာတာပါ။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ စုံစမ်းစစ်ဆေးမှုမှာ ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိရရင် ပါတီတွေကို ဖျက်သိမ်းဖို့ဆုံးဖြတ်ဖို့အတွက်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

ဒီတိုင်ကြားချက်လျှောက်လွှာတွေကို အမည်မသိပုဂ္ဂိုလ်တစ်ဦး၊ Thai Pakdee ပါတီခေါင်းဆောင်ဝါရွန် ဒက်ရှ်ဂစ်ဗီဂရွမ်၊ Palang Pracharath ပါတီအဖွဲ့ဝင် ရွန်ခရိုင် လီကစ်ဝပ်တာနာနဲ့ 2006 Dove Group ရဲ့ ခေါင်းဆောင်ဟောင်း နာပါရွတ်ဂျ် ဗိုရာချစ်ဗတ်တီကူလ်တို့ လေးဦးက တင်သွင်းခဲ့တာပါ။

တိုင်ကြားလွှာတွေမှာ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗစ်ဆင် အစိုးရကို ဖျက်သိမ်းခဲ့ပြီးတဲ့နောက် သင့်တော်တဲ့ဝန်ကြီးချုပ်လောင်းတစ်ဦးကို အဆိုပြုဖို့ညွန့်ပေါင်းအဖွဲ့ဝင် ပါတီခေါင်းဆောင်တွေနဲ့ သက်ဆင်တို့ တွေ့ဆုံဆွေးနွေးကြတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဖျူထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ချူဆတ် ဆရီနီလ်ကတော့ ဒီကိစ္စက အရင်က အမှုဟောင်းကြီးဖြစ်ပြီး ပါတီအနေနဲ့ ဒီဖြစ်ရပ်အပေါ် ကြိုတင်ရှင်းလင်းပြီးဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်မေးမြန်းခဲ့ရင်လည်း ဖျူထိုင်းပါတီအနေနဲ့ ရှင်းလင်းပြောကြားမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *