October 22, 2024

၂၂.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ဒီနေ့ အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းအချိန်က ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တည်ရှိရာ KNLA ဗဟို ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ကရင့်သတင်းမီဒီယာတစ်ခုဖြစ်တဲ့(KIC)ရဲ့ သတင်းဖော်ပြထုတ်ပြန်မှုတွေအရ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို) ဌာနချုပ်အနီးဝန်းကျင်ကို ဒီမနက် ၁၀ နာရီကျော် ဝန်းကျင်ခန့်မှာ ဒရုန်း ၄ လုံးနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

KNLA ဌာနချုပ်ကို ဦးတည်တိုက်ခိုက်တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ အသေခံ Suicide Drone အမျိုးအစားကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကရင့်လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

တပ်မတော်က အာဏာထိန်းသိမ်းရယူပြီးနောက်ပိုင်း (၄)နှစ်တာနီးပါးကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေအသီးသီးမှာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပေမဲ့လည်း အခုလို KNLA ဗဟို ဌာနချုပ်တိုက်ခိုက်ခံရမှုက ပထမဦးဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာလ (၁၈)ရက်နေ့က တပ်မတော် မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO)နဲ့ ပူးပေါင်းတပ်တွေက ၇ လကြာ ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း KNLA ဗဟို ဌာနချုပ်ကို အခုလို ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Photo – KIC/CJ

#KNLAဗဟိုဌာနချုပ် #ဒရုန်းတိုက်ခိုက်မှု

#ကရင့်လက်နက်ကိုင် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *