October 22, 2024

၂၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ထားသော ရက် (၉၀) နှင့် ထွန်းပု ဆင့်ပွားမျိုးစေ့အဆင့်ရှိ (Foundation Seed) စပါးမျိုးကောင်းမျိုးသန့်များအား တစ်တင်းလျှင် ၆၅,၀၀၀ ကျပ်နှုန်းဖြင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ အသိပေးကြေညာထားသည်။

“ဝယ်ယူမယ့်ပမာဏကတော့ ကန့်သတ်ချက်မရှိဘူး။ ကျွန်တော်တို့ကိုတော့ တစ်ခုတော့ ပြန်ကူညီရမယ်။ တင်း ၃၀ ဝယ်ယူသွားတယ်ဆိုရင် အဲဒီ ၃၀ ကို ဘယ်နေရာ၊ ဘယ်ဒေသမှာ မျိုးစေ့ပြန်ပြီးတော့ ပွားများနေပါတယ်ဆိုတာပေါ့။ ဒီဟာက Foundation Seed တွေဖြစ်တဲ့အတွက်ကြောင့်မို့ မျိုးစေ့ပြန်ပွားမယ့်သူကိုပဲ အဓိကရောင်းပေးမှာဖြစ်လို့ပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။

မျိုးစပါးများကို ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များ ပေးပို့ဆက်သွယ်ရမည်ဖြစ်ပြီး အသင်းချုပ်မှ ပြန်လည်ပေးပို့သည့် ဘဏ်အကောင့်သို့ ငွေပေးသွင်းပြီးပါက စိုက်ပျိုးရေးသုတေ သနဦးစီးဌာနတွင် မျိုးစပါးအား သွားရောက်ထုတ်ယူရမည်ဖြစ်သည်။

“ငွေသွင်းပြီးသွားပြီးဆိုရင် ဒီဘက်ကနေပြီးတော့ ဟိုဘက်ကို သွားထုတ်လို့ရအောင် အကြောင်းကြားထားပေးမယ်။ သွားထုတ်ရမယ့် စာရွက်ပြေစာထုတ်ပေးမယ် အဲဒီစာရွက်ပြပြီး ဟိုဘက်မှာ သွားထုတ်လိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။

ရက် (၉၀) နှင့် ထွန်းပု ဆင့်ပွားမျိုးစေ့အဆင့်ရှိ (Foundation Seed) စပါးမျိုးကောင်းမျိုးသန့်များအား ဝယ်ယူလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၁-၂၃၀၁၁၂၈ ၊ ၀၁-၂၃၀၁၁၂၉ , ၀၉-၄၂၀၇၇၃၂၂၂ တို့ကို ဆက်သွယ်မှာယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *