October 22, 2024

၂၂. ၁၀ .၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကားကန် (သာဓုကန်)လက်ရှိရေတက်အမှတ်ထက် တစ်ပေထပ်တက်ပါက ရေပိုလွှဲကနေ ဖောက်ချမယ်ဆိုတဲ့ကြေညာချက်ထုတ်ပြန်ထားတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တို့က ကန်အနီး၊ ချောင်းအနီးက အိမ်တွေ လိုက်လံရွှေ့ပြောင်းပေးတာ၊ အချိန်မီပြောင်းရွှေ့နိုင်ဖို့ သတိပေးတာတွေ လုပ်ဆောင်နေကြောင်း ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လှော်ကားကန်မှာလက်ရှိရေတက်အမှတ်ထက် ၁ ပေ ထပ်တက်ပါက ရေလွှဲဖောက်ချမှာဖြစ်ကြောင်း မနေ့က ၂၁ ရက်နေ့ညက ရွှေပြည်သာမြို့နယ် ကျောင်းကုန်းရပ်ကွက်မှာ လိုက်လံကြေညာခဲ့ပေမဲ့ အခု အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီ ဝန်းကျင်အထိတော့ ဖောက်ချခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

အဲ့ဒီလို ရေဖောက်ချမယ်ဆိုတဲ့ သတင်းတွေကြောင့် ရွှေပြည်သာ‌မြို့နယ် ဒေသခံအများစု စိုးရိမ်မှုရှိနေပြီး လိုက်လံ ကြေညာ ချက်သိရှိရပြီး ညကတည်းက မအိပ်နိုင်ဘဲ ထိတ်လန့်နေရကြောင်း ရွှေပြည်သာ (၁၆)ရပ်ကွက် အောင်သပြေလမ်းမှာနေထိုင်သူက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ” အခု လက်ရှိ အချိန်ထိ ကျွန်တော်တို့ သမင်သက်ရိုးချောင်းတစ်လျှောက်ဖြစ်တဲ့ ဇီးကုန်းဘက်က ဏကြီးရပ်ကွက်၊ ၉ ရပ်ကွက်၊ ၂၆ ရပ်ကွက်က အိမ်အနိမ့်တွေ၊ သက်ကြီးရွယ်အို၊ ကလေး‌တွေရှိတဲ့ အိမ်တွေကို အရင်ရွှေ့ပေးနေပါတယ်” လို့ MT News ကို ပြောပါတယ်။

ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်အကျော် ဗိုလ်ချုပ်လမ်းမပေါ်နေထိုင်သူဒေသခံတစ်ဦးကလည်း “မိုးရေဝင်တာ၊ မြောင်းတွေ ရေလျှံလို့လေ။ ကားလမ်းပေါ် ရေလျှံနေတော့ ကားဖြတ်မောင်းတာနဲ့ အိမ်ထဲ လှိုင်းပုတ်သလိုရေဝင်ပြန်ရော။ အိမ် အောက်ထပ်မှာ ဒူးမြုပ်တယ်။ အောက်ဘက် သံဒင်းဘက်ဆို ပိုဆိုးတယ်။ ၁၉ ရပ်ကွက်၊ ၁၅ ရပ်ကွက်တွေရှိတယ်။ ထမင်းလည်းမချက်ကြရသေးဘူး။ မီးလည်းမလာ၊ မီးသွေးမီးဖိုတွေလည်း အကုန်ရေစိုနေလို့။ မီးဖြတ်ထားတာလည်းကောင်းတယ်။ နို့မို့ဆို ဒီလိုရေတက်နေတာနဲ့ ဓာတ်လိုက်မှာ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ရွှေပြည်သာတစ်မြို့နယ်လုံးနီးပါး ရေဝင်ရောက်နေပြီး လျှပ်စစ်မီးလည်း ဖြတ်တောက်ထားသလို အမှတ် ၂၇ ရပ်ကွက်၊ စမ်းချောင်းလေးရွာ၊ စမ်းချောင်းကြီးရွာ၊ စမ်းကရင်ရွာတွေမှာ ရေဝင်နစ်မြုပ်မှု ပိုမိုဆိုးရွားနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *