October 22, 2024

၂၂.၁၀.၂၀၂၄
Written by Hey Mar

အမြန်လမ်းပေါ် ဘီးပေါက်လို့ ရပ်ထားတဲ့ ယာဉ်ရဲ့ နောက်ပိုင်းကို လားရာတူ မောင်းနှင်လာတဲ့ယာဉ်က ဝင်တိုက်မိလို့ နောက်ကနေဝင်တိုက်တဲ့ယာဉ်ပေါ်ပါ လူ ၂ ဦးသေဆုံးပြီး၊ ၁၂ ဦး ‌ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၂ ရက် မနက် ငါးနာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နဲ့ (၂၄၃/၆) ကြားမှာ ကားဘီးပေါက်လို့ ရပ်တန့်ထားတဲ့ FUSO ယာဉ်ကို လားရာတူ နောက်မှ မောင်းနှင်လာတဲ့ SOJEN ယာဉ်က ဝင်ရောက်တိုက်မိတာကြောင့် SOJEN ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်း ၁၄ ဦးအနက် ယာဉ်မောင်းနဲ့ နောက်ခန်းမှထိုင်လိုက်လာတဲ့ အသက် ခြောက်ဆယ်ကျော် အမျိုးသမီးကြီး နေရာတင်သေဆုံးကာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး ကျန်သူတွေမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူက “သူတို့က ရန်ကုန်ကနေ ရမည်းသင်းကို သွားမယ့်ကားပါ။ ယာဉ်မောင်းရဲ့ ရုပ်အလောင်းကလည်း ကားထဲညပ်နေတာ ခက်ခက်ခဲခဲ ထုတ်ယူပေးခဲ့ရပါတယ်။ နောက်ခန်းက ထိုင်လိုက်လာတဲ့ အမျိုးသမီးကြီးက သူက ကားအရှေ့ဘက်ကို တိုးစီးတာပေါ့။ ကားတိုက်တော့ ရှေ့နံရံနဲ့ ရိုက်မိတာ၊ လူပိတာ‌ တွေကြောင့် သေတာပါ။ ဒဏ်ရာရရှိသူ‌ရော သေဆုံးသူတွေကိုပါ နေပြည်တော် ကုတင် (၁၀၀၀)ဆီ ပို့ဆောင်ပေးခဲ့ပါတယ် “လို့ MT News ကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် FUSO ယာဥ်ပေါ်ပါ အမျိုးသား ၄ ဦးမှာတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *