October 22, 2024

၂၂ .၁၀. ၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းမှာ ဒီနေ့မနက် အစောပိုင်းက နှစ်ထပ်တိုက်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level -2 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။

မီးစလောင်ရခြင်းအကြောင်းအရင်းကို ရပ်ကွက်တွင်းနေထိုင်သူတချို့နဲ့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းအဖွဲ့က ပြောရာမှာ မီတာဘောက်စ်ကနေ စတင်လောင်ကျွမ်းတာဖြစ်ကြောင်း၊ မနက် လေးနာရီ ဝန်းကျင်လောက်ကတည်းက မီးအားအတက်အကျမမှန်ဘဲ မီးလာလိုက် ပျက်လိုက်ဖြစ်နေကြောင်းနဲ့ အဆိုပါမီးလောင်တဲ့ နေအိမ်မှာ အရင်က ရေခဲချောင်းစက်ရုံလုပ်ခဲ့ပေမဲ့ လက်ရှိတော့ ပုံနှိပ်စက်လုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်ဖြစ်ကြောင်း စသဖြင့် ‌သိရှိရပါတယ်။

မရမ်းကုန်းအ‌ခြေစိုက် မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း တာဝန်ရှိသူက “မီးလောင်မှု ဖြစ်စဉ်မှာ လူထိခိုက်မှု၊ မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေ ထိခိုက်မှု မရှိခဲ့ပါဘူးခင်ဗျာ။ လောင်စာများတော့ လယ်ဗယ်ခေါ်ယူ မီးငြှိမ်းသတ်ခဲ့ရတာပါ။ လမ်းသွယ်ပေမယ့် လမ်းကကျယ်တော့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေအောင် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ မြေပြင်အခြေအနေ MT News ကိုပြောပါတယ်။

အဆိုပါမီးလောင်မှုကို သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို မနက် ၆ နာရီ ၃ မိနစ်က စတင်ငြှိမ်းသတ်ခဲ့ပြီး ၆ နာရီ ၁၂ မိနစ်အချိန်မှာ Level 1 ယာဉ်အုပ်စုထွက်ခွာခဲ့သလို ၆ နာရီ ၁၇ မိနစ်မှာ အချိန်မှာ Level 2 ယာဉ်အုပ်စု ထပ်မံ ခေါ်ယူခဲ့ရပြီး ၆ နာရီ၂၇ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ကာ ၆ နာရီ ၃၅ မိနစ်အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *