October 21, 2024

MT News
၂၁.၁၀.၂၀၂၄

ထိုင်းနိုင်ငံ၊ Khon Kaen မြို့ရှိ Central Plaza ကို ဝင်၍ သေနတ်ဖြင့်ပစ်မည်ဟု အွန်လိုင်းပေါ်က ခြိမ်းခြောက်ရေးသားသူမှာ မြန်မာနိုင်ငံသားမဟုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ယင်းဖြစ်စဥ်မှာ လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၇ ရက်က ထိုင်းနိုင်ငံရှိ Central Plaza ကို ဝင်၍ လူ ၂၀ ခန့်သေအောင် သေနတ်ဖြင့် အချက် ၅၀ ခန့်ပစ်ခတ်မည်ဟု ပို့စ်တင်သူကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေရာမှ အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဖော ဆိုသည့် မြန်မာလူငယ်အား အောက်တိုဘာလ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်အချိန်က ပထုံဌာနီခရိုင်၊ လန်လုကာမြို့နယ်မြေရှိအလုပ်သမားတန်းလျားတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ထိုင်းရဲတပ်ဖွဲ့က ၎င်းအသုံးပြုသော လက်ကိုင်ဖုန်းရှိ Facebook အကောင့်ကိုစစ်ဆေးခဲ့ရာ မြန်မာလူငယ်၏ Facebook အကောင့်မှာ Hack ခံထားရကြောင်းနှင့် အကောင့်ကို Hack ယူထားသူက ခိုးယူအသုံးပြုနေကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ခိုးယူသုံးစွဲနေသူမှာ ကမ္ဘောဒီးယားနိုင်ငံက အမည်မသိသူတစ်ဦးဖြစ်သောကြောင့် ထိုင်းနိုင်ငံ ဆိုင်ဘာရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိကြောင်းလည်း သိရသည်။

သို့သော်လည်း မြန်မာလူငယ် စိုင်းဆိုင်ဖောမှာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင် အလုပ်သမား ဖြစ်နေသည့်အတွက် တရားမဝင်နေထိုင်မှုဖြင့် အရေးယူကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စိုင်းဆိုင်ဖော အဖမ်းခံရစဉ်ကပင် အွန်လိုင်းပေါ်ခြိမ်းခြောက်ရေးသားခြင်းမှာ ၎င်း မဟုတ်ကြောင်း ထွက်ဆိုထားပြီးလည်း ဖြစ်ပြီး အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကနဦးသတင်းများကို MT News က ဖော်ပြခဲ့ပြီးလည်းဖြစ်သည်။

ပုံစာ။ မှားယွင်းဖမ်းဆီးခံရသူ လူငယ်ကို စစ်ဆေးနေစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *