October 21, 2024

◾️ အထူးသဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ အလေးထားတင်ပြရန် မှာကြား

၂၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်အဆင့် လမ်းညွှန်မှာကြားနိုင်ရန် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတော်အဆင့်မှ သိသင့် သိထိုက်သည်များကို တင်ပြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) တွင် ပြောကြားသည်။

ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ထမ်းဆောင်ရသည့် ကဏ္ဍအလိုက်နှင့် ဒေသ၏အကျိုးကို အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့်မှ သိသင့် သိထိုက်သည်များကို တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် နိုင်ငံတော်အဆင့်မှ လမ်းညွှန်မှာကြားရန်လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်သည်များကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် အလေးထားတင်ပြ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ရုံးဌာနများနှင့် လုပ်ငန်းတာဝန်များ ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်ပါက တင်ပြဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးရိုးသားသားဖြင့် မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး မိမိတို့လုပ်ဆောင်ချက်များအားလုံးကို မှတ်ကျောက်တင်ခံနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *