October 21, 2024

၂၁.၁၀.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်းတွင် ယနေ့ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်က နေအိမ်ဆိုင်ခန်း ၇ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဘိုးအို ၁ ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးလောင်မှုဖြစ်တဲ့နေရာက စျေးနဲ့နီးတယ်။ အိမ်နဲ့ဆိုင်တွဲဖွင့်ထားကြတာ ၇ လုံးလောက်ပါသွားတယ်။ ပေါ်ပြူလာအရုပ်ဆိုင်က အဘလည်း မီးထဲပါသွားတယ် ကြားတယ်”ဟု ဝါးခယ်မဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး ပေါ်ပြူလာအရုပ်ဆိုင်၊ ဒုံးပျံအောင်ထီဆိုင်၊ ခေတ်သစ်အပေါင်ဆိုင်၊ ဦးအန့်မောင်စက်ချုပ်ဆိုင်အပါအဝင် နေအိမ်ဆိုင်ခန်း ၇ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၈၈ နှစ်အရွယ် ဦးတင်ရွှေမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *