October 21, 2024

၂၁.၁၀. ၂၀၂၄
Written by Shwe Phyo

အင်ဒိုနိးရှား သမ္မတအသစ် ပရာဘိုဝီ ဆူဘီယမိုသည် မြန်မာ့အရေးသဘောထားတင်းမာသူအဖြစ် လူသိများသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနေရာတွင် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတအသစ်ဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီသည် အောက်တိုဘာ ၂၀ ရက်နေ့က အင်ဒိုနီးရှားအစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အေဂျင်စီအကြီးအကဲများအမည်စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ Gerindra Party ပါတီ ဒုတိယအကြီးအကဲဖြစ်သူ ဆူဂျီအိုနိုအား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်မှုသည် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာတွင် ဦးဆောင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲအပြီးတွင်လည်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် SAC အစိုးရမပါဝင်ဘဲ အမေရိကန်နှင့် အနောက်အုပ်စုများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များ၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များသာတက်ရောက်သည့် ဆွေးနွေးပွဲအပြီး နှစ်ပတ်အကြာတွင်ဖြစ်ပြီး အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲဦးဆောင်သူ ရက်နိုမာဆူဒီ၏ နိုင်ငံခြားရေးဝန်ကြီးနေရာ အစားထိုးခံရခြင်းလည်းဖြစ်သည်။

အင်ဒိုနီးရှား သမ္မတက နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်မှုအပြင် ဂျာမနီနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး Arif Havas Oegroseno နှင့် ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနိးရှားသံအမတ်ကြီးအဖြစ် တာဝန်ယူနေသည့် Arrmanatha Nasir တို့အပြင် Gelora Party ပါတီမှနိုင်ငံရေးသမား Anis Matta တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတက “ကျွန်တော်ဟာ စစ်သားတစ်ဦးဖြစ်တယ်။ ကျွန်တော့်ကို ပေးအပ်တဲ့ ဘာတာဝန်ပဲဖြစ်ဖြစ် ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်” ဟုပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် တာဝန်ယူမည့်ဆူဂျီအိုနိုသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှား လွှတ်တော်၏ ကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအသစ်သည် သမ္မတ ပရာဘိုဝီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပြီး ယူအေအီးသမ္မတ၏ အထူးကိုယ်စားလှယ်ကို ကြိုဆိုခဲ့ကြောင်း သိရသည်။

ပရာဘိုဝီဦးဆောင်မည့် အင်ဒိုနိးရှားအစိုးရအဖွဲ့အသစ်တွင် အစိုးရဝန်ကြီးများနှင့် အေဂျင်စီဌာနအကြီးအကဲ ၅၃ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

REf Antara News

Leave a Reply

Your email address will not be published. Required fields are marked *