October 21, 2024

၂၁.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေငါးပိဿာပါ သေတ္တာသုံးလုံးကို လူ ၆ ဦးက သေနတ်ဖြင့်ပစ်ခတ် ဓားပြတိုက်မှု ယနေ့ အောက်တိုဘာလ ၂၁ ရက် ည ၆ နာရီခွဲခန့် အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

ဖြစ်စဥ်မှာ လှိုင်မြို့နယ်၊ (၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂) ဦးဝင်းအောင် နေအိမ်ခြံရှေ့တွင် မြရွှေယုံရွှေဆိုင်မှ ပြန်သိမ်းလာသည့်ရွှေသေတ္တာသုံးလုံးကိုသေနတ်ပစ်ဖောက် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း အခုမှ လုပ်နေကြတုန်းဆိုတော့လေ။ ညနေ ၆ နာရီခွဲကျော်လောက်ကဖြစ်သွားတာ။ နေအိမ်ရှေ့ကို လူ ၆ ယောက်လောက်ပါတဲ့အဖွဲ့ ကားနဲ့ ရောက်လာတာ။ ရွှေဆိုင်က အိမ်ကိုမောင်းလာတဲ့ ယာဉ်မောင်းက အသက် ၂၇ နှစ်အရွယ် ချာချာစိုး လို့တော့ သိရတယ်။ သူ့ကားနောက်ကို လိုက်လာတာလို့ သိရတယ်။ လောလောဆယ် ဒါလောက်ပဲ သိရသေးတယ်။ စုံစမ်းနေကြတုန်းပါ”ဟု ရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အဆိုပါ မြရွှေယုံရွှေဆိုင်မှာ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်တွင် ဖွင့်ထားခြင်းဖြစ်ပြီး သေတ္တာသုံးလုံးဖြင့်ထည့်ထားသော ရွှေထည်ငါးပိဿာကိုပိုင်ရှင်က နေအိမ်သို့ မော်တော်ယာဉ်ဖြင့် ပြန်ပို့ခိုင်းသဖြင့် အဆိုပါယာဉ်မှာ ဆိုင်မှထွက်လာပြီး နေအိမ်ခြံရှေ့အရောက်တွင် နောက်မှလိုက်လာသည့် စိစစ်ဆဲအဖြူရောင်ကားပေါ်မှ လူနှစ်ဦးဆင်းလာကာ တစ်ဦးက သေနတ်ဖြင့် ယာဉ်မောင်းအား တစ်ချက်ပစ်ခတ်ခဲ့ရာ လူကို မထိဘဲ နေအိမ်သံတံခါးကိုထိမှန်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အခြားတစ်ဦးက ရွှေများသယ်လာသည့်ယာဉ်၏နောက်ဘက် လေကာမှန်ကို တူဖြင့်ခွဲကာ ရွှေထည် ထည့်ထားသည့် သေတ္တာသုံးလုံးကိုယူဆောင်၍ အသင့်ပါလာသည့်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယခုအခါ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က အပူတပြင်း ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *