October 21, 2024

၂၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များရှာဖွေပြီး အကြမ်းဖက်သမားအယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးအား ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေး တောင်းခံနေသူ ကျော်ခိုင်ဦးသည် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် ရောက်ရှိနေကြောင်း မတရားမှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)၌ ကျော်ခိုင်ဦးနှင့် ၎င်း၏ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲမြို့နယ်၊ ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စုဆောင်းသဖြင့် ၎င်းအဖွဲ့ထံ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်းမရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှ ဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တန်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို၍ ငွေကြေးများတောင်းခံခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်အထိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအနေဖြင့် လားရှိုးမြို့မှ ၄ ဦး၊ သီပေါမြို့မှ ၁ ဦး၊ မူဆယ်မြို့မှ ၅ ဦး၊ နမ့်ခမ်းမြို့မှ ၂ ဦး၊ တောင်ကြီးမြို့မှ ၁ ဦး၊ လွိုင်ကော်မြို့မှ ၁ ဦး၊ ပြင်ဦးလွင်မြို့မှ ၄ ဦး၊ နောင်ချိုမြို့မှ ၁ ဦး၊ မန္တလေးမြို့မှ ၈ ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးတို့ထံမှ ခြိမ်းခြောက်၍ ငွေ ၂၂၁,၃၀၀,၀၀၀ ကျပ် တောင်းခံခဲ့ကြောင်း သိရသည်။

ရရှိငွေကြေးများအား ယာဉ်အမှတ်၊ YGN-13 9Q/9165 Soueast ယာဉ်အား ငွေကျပ် သိန်း ၄၀၀ ဖြင့် လည်းကောင်း၊ မိုးကြိုးပစ်ကျေးရွာရှိ နေအိမ်အား ငွေကျပ် သိန်း ၁၄၀၀ ဖြင့် လည်းကောင်း ဝယ်ယူခဲ့ပြီး ကျန်ငွေများအား လောင်းကစားခြင်း၊ သောက်စား ပျော်ပါးခြင်းများတွင် ကိုယ်ကျိုးသုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ရိုးသားမှန်ကန်စွာ လုပ်ကိုင်စားသောက်နေထိုင်သော အများပြည်သူများအား ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် တရားခံများကို တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ခြိမ်းခြောက်ငွေကြေးတောင်းခံရပါက အလွယ်တကူမယုံကြည်ကြရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နေသူများအား ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ တရားခံများ၏ သတင်းအား ရရှိပါက ၎င်းတို့အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *