October 21, 2024

၂၁.၁၀. ၂၀၂၄
Written by Shwe Phyo

ဗီယက်နမ်လွှတ်တော်အမတ်များသည် ဗီယက်နမ် စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဖြစ်သူ လွန်ခွန်း(Luong Cuong) ကို နိုင်ငံသမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

အသက် ၆၇ နှစ်အရွယ်ရှိ လွန်ခွန်းသည် ပြီးခဲ့သောမေလတွင် ဗီယက်နမ်သမ္မတအဖြစ် ခန့်အပ်ခံရသော သမ္မတ တိုလမ်ထံမှတာဝန်များကို လွှဲပြောင်းရယူမည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်သမ္မတ တိုလမ်သည် အစိုးရအဖွဲ့၏ စုပေါင်းအာဏာ ခွဲဝေကျင့်သုံးမှုကို ပိုမိုကောင်းမွန်စေရန် ရာထူးမှနုတ်ထွက်ခဲ့သည့်အတွက် လွန်ခွန်းက နိုင်ငံ့သမ္မတအသစ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ် အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ငွင်ဖူတောင်(Nguen Phu Trong) သည် ဇူလိုင်လတွင် သေဆုံးခဲ့ပြီးနောက် လွန်ခွန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပခဲ့သော ဗီယက်နမ်လွှတ်တော်တွင် လွှတ်တော်အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်ပေါင်း ၄၄၀ ဦးက လွန်ခွန်းကိုသမ္မတအဖြစ် ကန့်ကွက်သူမရှိဘဲ မဲပေးထောက်ခံခဲ့ကြောင်းသိရသည်။

၎င်းသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ၏ အဆင့်မြင့်ဆုံးအဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရိုအဖွဲ့၏ အဖွဲ့ဝင်အဖြစ် တာဝန်ယူနေသူလည်းဖြစ်သည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံတွင် ပါတီအကြီးအကဲ၊ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့ပြီးလျှင် ပဉ္စမမြောက် သြဇာအာဏာအရှိဆုံးဖြစ်သော ဗီယက်နမ် ကွန်မြူနစ်ပါတီ၏အတွင်းရေးမှူးတာဝန်ကိုလည်း ရယူခဲ့ဖူးကြောင်း သိရသည်။

အသက် ၆၇ နှစ်အရွယ်ရှိ လွန်ခွန်းသည် ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် ၂၀၂၆ ခုနှစ်အထိ တာဝန်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ် သမ္မတအသစ်က ” ကျွန်တော်ဟာ နိုင်ငံ၊ ပြည်သူနဲ့ ပါတီခေါင်းဆောင်အဖြစ် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့်ရလို့ ဂုဏ်ယူပါတယ်။ သမ္မတတာဝန်များကိုအပြည့်အဝအကောင်းဆုံးလုပ်ဆောင်သွားမယ်။” ဟုပြောသည်။

ဗီယက်နမ်နိုင်ငံ၏နိုင်ငံရေးစနစ်အရ နိုင်ငံ့သမ္မတသည် တိုက်ရိုက်အာဏာရရှိမှုနည်းပါးသော်လည်း ပြည်ပတိုင်းပြည်များမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးခွင့်ရသူဖြစ်သည်။ ဗီယက်နမ်သမ္မတအသစ်သည် ဗီယက်နမ်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဗီယက်နမ်စစ်တပ်၏နိုင်ငံရေးရာဌာန၏ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ဖူးကြောင်း သိရသည်။

REf ,scmp

Leave a Reply

Your email address will not be published. Required fields are marked *