October 21, 2024

၂၁.၁၀. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိတ်ဟာစီနာကို ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စေခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် နိုင်ငံအတွင်း မတည်ငြိမ်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ အထည်ချုပ် လုပ်ငန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် အဓိလုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများ တည်ငြိမ်နေကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောဆိုခဲ့သော်လည်း ဆန္ဒပြပွဲများ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထည်ချုပ် စက်ရုံအရေအတွက် ၃၅၀၀ ကျော်ရှိနေပြီး နှစ်စဉ် ပြည်ပတင်ပို့မှုမှ ရရှိနေသော အမေရိကန်ဒေါ်လာ ၅ ဘီလျံတန်ဖိုး၏ ၈၅ ရာခိုင်နှုန်းက အထည်ချုပ်လုပ်ငန်းမှဖြစ်ကြောင်း သိရသည်။

လနှင့်ချီပြီးဖြစ်သော ဆန္ဒပြပွဲများကြောင့် ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ကာ သြဂုတ် ၅ ရက်နေ့တွင် ပြည်ပနိုင်ငံသို့ ရဟတ်ယာဉ်ဖြင့်ထွက်ပြေးခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖြစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်ဦးဆောင်သော အစိုးရအဖွဲ့က တာဝန်ယူနေသော်လည်း အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အထည်ချုပ်အလုပ်သမားများသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရန်နှင့် လုပ်ခလစာ ပိုမိုရရှိစေရန် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ရာ အကြမ်းဖက်မှုများဖြစ်ပွားလာခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော အထည်ချုပ်အလုပ်သမားများ၏ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် အထည်ချုပ်အလုပ်သမားတစ်ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အထည်ချုပ် လုပ်ငန်းများ၏ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌတစ်ဦးဖြစ်သူက ” အထည်ချုပ်အလုပ်သမား ဆန္ဒပြမှုတွေဟာ လမ်းမတွေပေါ်မှာ ဆက်လက်ဖြစ်ပွားနေတယ်။ လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆွေးနွေးသွားမယ်။ အထည်ချုပ်လုပ်ငန်း တည်ငြိမ်အောင် အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ်။ အပြောင်းအလဲတွေမလုပ်ဘူးဆိုရင် တည်ငြိမ်နေတဲ့အခြေအနေတွေက ကြာရှည်ခံမှာမဟုတ်ဘူး” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာနိုင်ငံများထဲတွင် အဝတ်အထည်များကို ပြည်ပနိုင်ငံများသို့ ဒုတိယအများဆုံးတင်ပို့သော နိုင်ငံဖြစ်ပြီး ကမ္ဘာကျော် Levi’s တံဆိပ်၊ Zara and H&M တံဆိပ်စသောအပါအဝင် နာမည်ကျော် အဝတ်အထည် ကုမ္မဏီများ၏ အထည်များကို ချုပ်လုပ်ပေးနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းနှင့် အဝတ်အထည်များကို ပြည်ပတင်ပို့နေသောအဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သူ Khandaker Rafiqul Islam က” စိန်ခေါ်မှုများကို ဖြတ်ကျော်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အထည်ချုပ်လုပ်ငန်းက တည်ငြိမ်နေပါတယ်” ဟု ပြောသည်။

၎င်းကအထည်ချုပ်လုပ်ငန်းသည် သြဂုတ်လနောက်ပိုင်းတည်းက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် အရှုံးပေါ်ခဲ့ပြီး လုံခြုံရေးအဖွဲ့များက အထည်ချုပ်လုပ်ငန်းကို ကာကွယ်ပေးရန်လိုအပ်ကြောင်း ပြောသည်။

၎င်းက” စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေဟာ အထည်ချုပ်လုပ်ငန်း လုံခြုံရေးအတွက် ပုံမှန်ကင်းလှည့်တာတွေလုပ်နေတယ်” ဟုပြောသည်။

REf ,scmp

Leave a Reply

Your email address will not be published. Required fields are marked *