October 21, 2024

◾ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို ကြောက်ရွံ့ ၍ တူရကီသို့ လေကြောင်းအစား ပင်လယ်ရေကြောင်းမှတိမ်းရှောင်ကြ

၂၁.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အခုဆိုရင် လက်ဘနွန်ပြည်သူ တစ်သန်းကျော်လောက် ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိမ်းရှောင်ဖို့ နိုင်ငံက ထွက်ပြေးခဲ့ကြပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။ ဒီလို ရှောင်တိမ်းမှုတွေက အဓိကအားဖြင့် တူရကီနီုင်ငံဆီဖြစ်ရာမှာ အရင်ကတော့ ဘေရွတ်လေဆိပ်ကနေ လေကြောင်းခရီးနဲ့သွားခဲ့ကြပေမယ့် အခုဆိုရင်တော့ ပင်လယ်ရေကြောင်းခရီးကိုသာ အသုံးပြုလာကြတာ တွေ့ရပါတယ်။

လက်ဘနွန်နိုင်ငံမှ တူရကီနိုင်ငံသို့ ရေကြောင်းခရီးစဉ်တွေက ပုံမှန်အချိန်တုံးက ကုန်ပစ္စည်းတွေပို့ဆောင်မှုအတွက်သာရှိခဲ့ပေမယ့် လက်ဘနွန်ပြည်သူတွေက သူတို့အတွက် စိတ်ချလုံခြုံမှုရှိတဲ့လမ်းကြောင်း အနေနဲ့ တူရကီနိုင်ငံမှာ သွားရောက်ရှောင်တိမ်းဖို့ ပိုမိုဆုံးဖြတ်လာကြခြင်းနဲ့အတူ လက်ဘနွန်မှ တူရကီသို့ ရေကြောင်းခရီးစဉ်သွားရောက်မှုတွေ ပိုမိုများပြားလာနေတာ တွေ့ရပါတယ်။

အခု လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်သို့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့်အရပ်သားပြည်သူတွေထဲက ထိခိုက်သေကြေမှုတွေလည်း များပြားလာနေပါတယ်။ အစ္စရေးတို့က ဘေရွတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခုအချိန်အထိတိုက်ခိုက်မှု မလုပ်သေးပေမယ့် စက်တင်ဘာလတုံးကတော့ အစ္စရေးစစ်ဘက်က အီရန်က အထောက်အပံ့ပြုနေတဲ့ ဟစ်ဇ်ဘိုလာအုပ်စုထံ လက်နက်အလွှဲအပြောင်းတွေ မလုပ်နိုင်ဖို့ လေဆိပ်ကို တိုက်ခိုက်ရလိမ့်မယ်လို့သတိပေးခဲ့ဖူးပါတယ်။ အစ္စရေးရဲ့  ၂၀၀၆ ခုနှစ်အတွင်းက ဟစ်ဇ်ဘိုလာအုပ်စုနဲ့ စစ်ပွဲဖြစ်ပွားတုံးကလည်း ဘေရွတ်လေဆိပ်ကို အဓိက ပစ်မှတ်ထားတိုက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ အစ္စရေးတို့ရဲ့ ဘေရွတ်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက လွတ်ကင်းအောင် တူရကီနိုင်ငံကို ရှောင်တိမ်းကြတဲ့ လက်ဘနွန်ပြည်သူတွေဟာ ဘေရွတ်လေဆိပ်ကနေ လေကြောင်းခရီးနဲ့သွားမှုကို ရှောင်တိမ်းခဲ့ကြပါတော့တယ်။ လက်ဘနွန်ပြည်သူအများစုဟာ ခရီးသည်တွေအတွက် အဆင်ပြေအောင်ပြင်ဆင်ပေးထားတဲ့ ကုန်သင်္ဘောတွေနဲ့အတူ ၁၃ နာရီကြာသွားရတဲ့ တူရကီကို လိုက်ပါကြတာ တွေ့လာရပါတယ်။

လက်ဘနွန်ကို အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာခြင်းနဲ့အတူ တူရကီနိုင်ငံကို ထွက်ခွာမယ့် အသက် ၃၁ နှစ်ရှိ ဟတ်ဆန်အလစ် ဆိုသူက “ကျွန်တော် တူရကီနိုင်ငံကို ဒီကနေ သင်္ဘောနဲ့ပဲ သွားတော့မယ်။ ဘေရွတ်လေဆိပ်က လေကြောင်းနဲ့သွားဖို့က ကိုယ်ရောက်နေတုန်း ဗုံးလာကြဲမှာ ကျွန်တော် ကြောက်မိတယ်” လို့ လက်ဘနွန်မြောက်ပိုင်းက ထရီပိုလီမြို့သင်္ဘောဆိပ်မှာ ပြောခဲ့ပါတယ်။

အခုအခါမှာ လက်ဘနွန်နိုင်ငံလေကြောင်းလိုင်းဖြစ်တဲ့ Middle East Airlines ကလွဲလို့ ကျန် လေကြောင်းလိုင်းအတော်များများကလည်း အကြမ်းဖက်တိုက်ခိုက်ခံရမှာကြောက်လို့ ဘေရွတ်လေဆိပ်ကို ပျံသန်းမှု မပြုလုပ်ကြတော့ပါဘူး။

အဲဒါကြောင့်လည်း အခုဆိုရင် ခရီးသည်တွေပါ လိုက်ပါနိုင်မယ့် ကုန်သင်္ဘောကြီးတွေဟာ ထရီပိုလီ သင်္ဘောဆိပ်ကနေ တူရကီနိုင်ငံတောင်ပိုင်းကမ်းခြေကို တစ်ပတ်ငါးကြိမ်ကျစီ ပြေးဆွဲနေပါတယ်။ ဒီခရီးစဉ်အတွက် လက်မှတ်ခကတော့ အမေရိကန်ဒေါ်လာ ၃၅၀ ဖြစ်တယ်လို့ သိရပါတယ်။

လက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေ စတင်စဉ် စက်တင်ဘာလအတွင်းကတော့ ဒီခရီးစဉ်နဲ့ ရေကြောင်းအတိုင်း တူရကီကိုတိမ်းရှောင်မှုတွေက တစ်ပတ်လျှင် ခရီးသည် ၁၅၀ ဦးလောက်ရှိရာက အခုဆိုရင် တစ်ပတ်ကို အနည်းဆုံး ခရီးသည် ၉၀၀ ဦးအထိ ရှိလာခဲ့ပါတယ်။ဒီအချိန်မှာပဲ ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးက ပိုမိုအလှမ်းဝေးလို့ တင်းမာမှုတွေက မြင့်တက်နေကြဆဲပါ။ ဒါကြောင့်လည်း အစ္စရေးရဲ့ ဟစ်ဇ်ဘိုလာအုပ်စုကို တိုက်ခိုက်မှုတွေမှာ ကြားညပ်ခံနေရတဲ့ လက်ဘနွန်ပြည်သူတွေရဲ့ ပြည်ပတိမ်းရှောင်မှုတွေက လမ်းကြောင်းမျိုးစုံက ပိုလို့ထွက်ပေါ်လာပါလိမ့်မယ်။

Ref. AFP

Leave a Reply

Your email address will not be published. Required fields are marked *