October 21, 2024

၂၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

ယခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ကျပ်ကိုးသိန်းခွဲ သတ်မှတ်ကာ ယခင်နှစ်ထက် ကျပ် ၂ သိန်း ပို၍သတ်မှတ်ခဲ့သော်လည်း ပြင်ပတွင် စပါးဈေးနှုန်း ကျပ် ၁၇ သိန်းကျော်အထိ ဖြစ်ပေါ်နေသောကြောင့် ရည်ညွှန်းစပါးဈေးနှုန်းသည် ပြင်ပပေါက်ဈေး၏ ထက်ဝက်ဝန်းကျင်သာရှိနေကြောင်း သိရသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသောဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံများ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ သတ်မှတ်ချက်အရ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည် အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ကျပ်ကိုးသိန်းခွဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းဈေးနှုန်းအား ကျပ်ခုနစ်သိန်းခွဲ သတ်မှတ်ခဲ့ခြင်းကြောင့် ယခုနှစ် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ယခင်နှစ်ထက် ကျပ်နှစ်သိန်း ပိုမိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရေကြီးနစ်မြှုပ်မှုနှင့် အလုပ်သမားဈေးနှုန်းများ မြင့်တက်မှုများကြောင့် လက်ရှိတွင် ဖြစ်ပေါ်နေသည့် စပါးဈေးနှုန်း ကျပ် ၁၇ သိန်းဝန်းကျင်ဖြင့် ရောင်းလျှင်ပင် မိမိတို့စိုက်ပျိုးစရိတ်မရှုံးရုံသာရရှိသဖြင့် အကြွေးမကြေကြောင်းနှင့် ယခုကဲ့သို့ ပြင်ပဈေးနှုန်းထက် ရည်ညွှန်းဈေးနှုန်းက လျော့နည်းနေခြင်းကြောင့် စပါးဈေးနှုန်းကျဆင်းလာမည်ကိုလည်း စိုးရိမ်နေကြောင်း သိရသည်။

“လယ်သမားတွေက စိမ်းတာကိုထားပြီး မှည့်တာကိုကွက်ရိတ်၊ မလဲတာကို ကွတ်ရိတ် အဲဒီလိုလုပ်ပြီး ရောင်းနေရတာ။ အခု ၁၇ သိန်း၊ ၁၈ သိန်းတောင် တွက်ကြည့်လေ။ ရာသီဥတုကြောင့် ဆုံးရှုံးတာနဲ့ ရေနစ်လို့နဲ့ လဲတာပြိုတာနဲ့ ၁၀ ဧကကို သိန်း ၃၀ ရတယ်။ ရိတ်စက်ခက ၁၇၀,၀၀၀ ပေးရတယ်။ ၁၀ ဧကဆို ရင်းနှီးလို့ ၁၅ သိန်းပဲ ပေးရတယ်။ နောက် ၁၅ သိန်းကျန်တာက တွဲခရယ်၊ နေ့စားခရယ်နဲ့ လယ်သမား ဘယ်အကြွေးကိုမှ မကြေဘူး။ နောက်ပိုင်းမှာလည်း လယ်သမားကတော့ ဈေးသာတဲ့ဆီပဲ ရောင်းရတော့မှာလေ။ ဒီ ၉ သိန်းဈေးနဲ့က ကလေးကစားစရာဖြစ်နေတယ်။ အခုက စပါး ၂၀၀ လောက်ဝယ်လို့ရတဲ့ အနေအထားဖြစ်နေတယ်” ဟု ခရမ်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

သို့သော် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ထုတ်ပြန်ချက်အရ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရမည်ဖြစ်ပြီး စပါးဈေးနှုန်းသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်သို့ ကျဆင်းနေမှသာ အခြေခံရညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *