October 21, 2024

◾ လက်ရှိအချိန်အထိ မြေပြင်မှာ ၉၅ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးနေ

၂၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein

သန်းခေါင်စာရင်းအကောက်မခံရသေးသူတွေအနေနဲ့ သက်ဆိုင်ရာသို့ ဆက်သွယ်လာပါက ပြန်လည်ကောက်ယူပေးသွားမှာဖြစ်ပြီး အခုအောက်တိုဘာလကုန် ၃၁ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူရေးလုပ် ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ မြေပြင်မှာ ၉၅ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးနေပြီဖြစ်တယ်လို့လည်း သိရှိရပါတယ်။

“နစက က ဒါကိုလုပ်နိုင်ခဲ့ပြီ။ အခုလကုန်ရင် တစ်နိုင်ငံလုံးပြီးမယ်။ ချင်းတို့ ကယားတို့ဘက်တွေလည်း ဆက်ကောက်မယ်။ဒါဆို ဘာပြဿနာမှမရှိဘဲ ဒီပရောဂျက်ကငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားမယ့်သဘောရှိပါတယ်။စာရင်းကောက်ကိုယ်စားလှယ်ပေါင်း ၄၂ဝဝဝ နဲ့‌ ကောက်ယူခဲ့တာဖြစ်ပါတယ်”လို့ သန်းခေါင်စာရင်းကောက်ယူအဖွဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်‌ဦးက ပြောပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့အရေးပါတဲ့ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို မြန်မာနိုင်ငံတဝှမ်းမှာ အောက်တိုဘာ ၁ ရက်‌နေ့ကစလို့ ၁၅ ရက်အထိ စာရင်းစစ်၊ စာရင်းကောက်ပေါင်း ၄၂၀၀၀ ခန့်နဲ့ ၁၅ ရက်ကြာ ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ကောက်ယူခဲ့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းအကောက်မခံရသေးသူတွေရှိနေတာကြောင့် အောက်တိုဘာ ၃၁ ရက်နေ့အထိ ဆက်လက်ကောက်ယူမှု‌တွေကို ပြုလုပ်‌ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အခုမြေပြင်မှာ ၉၅ ရာခိုင်နှုန်း၊ ၉၈ ရာခိုင်နှုန်းလောက် ကောက်ယူပြီးစီးသွားပါပြီ။‌ အခု မြေပြင်မှာ ကောက်ကွက်တွေမရှိတော့ဘူး။ မကျန်‌တော့ဘူး။ ဒါကကျွန်တော်တို့က ကိုယ်တိုင်လုပ်နေတော့သိနေတာပါ။ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်က အောင်မြင်ပါတယ်။ တော်တော်များများက ကောက်ဖို့မကျန်တော့ဘူး။ တစ်ခုရှိတာက ကောက်ဖို့ကျန်ခဲ့တဲ့သူတွေရှိရင်တော့ သူတို့က ဆက်သွယ်လာရင် ကျွန်တော်တို့က သက်ဆိုင်တဲ့ ကောက်ကွက်မှူးတွေ၊ အဖွဲ့မှူးတွေထံ ချိတ်ဆက်ပြီးတော့ထပ်မံကောက်ယူဖို့ ဆောင်ရွက်ပေးသွားပါမယ်။ ဒါကလည်း‌ ပြောရရင်သိပ်မရှိပါဘူး။ တော်တော်များများက ကောက်ယူပြီးစီးနေပါပြီ။ သန်းခေါင်စာရင်းကောက်လို့မရဘူး။ သန်းခေါင်စာရင်း‌ကောက်ဖို့ အများကြီးကျန်သေးတယ်ဆိုတာက မဟုတ်ပါဘူး။ ဘယ်သူမှလည်း ဒါကို အကြာကြီးမကောက်ဘူးလေ။ မြန်မြန်ဆန်ဆန်ပဲ ကောက်ယူကြတာပါ။ ကျွန်တော်တို့က ကိုယ်တိုင်ကွင်းဆင်းပြီးကောက်နေတော့ ဒါကိုပိုသိပါတယ်။ အောင်မြင်တယ်လို့ပြောရင်ရပါတယ်”လို့ မြေပြင်မှာရှိ‌နေတဲ့ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအဖွဲ့ရဲ့ အုပ်ချုပ်သူတစ်ယောက်က MT News သို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာ ပြည်သူတွေရဲ့ဖြေကြားချက်တွေနဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချမှုရှိစေဖို့ ဘက်လိုက်တဲ့ ခန့်မှန်းမှုများမရှိစေဖို့
အထူးအလေးထားဆောင်ရွက်နေသလို စာရင်းစစ်၊စာရင်းကောက်တွေရဲ့ကိုယ်ရေး ကိုယ်တာအချက်အ လက်တွေကိုလည်း ထုတ်ပြန်ပြဌာန်းထားတဲ့ သန်းခေါင်စာရင်းဥပဒေနဲ့အညီ အကာအကွယ်ပေးထားတယ်လို့ ဆိုပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းစစ်၊စာရင်းကောက်တွေဟာ CAPI နည်းပညာနဲ့ Mobile Tablet တွေကို အသုံးပြုပြီး ကောက်ယူနေတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *