October 21, 2024

၂၁ .၁၀ .၂၀၂၄
Written by Hey Mar

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုအနီး၊ ကျောက္ကာကျေးရွာကနေ ကုန်အပြည့် လူအပြည့်တင်ဆောင်လာတဲ့ စက်လှေတစ်စီး ဒီနေ့မနက် အစောပိုင်းက တိမ်းမှောက်မှုမှာ ၇ ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးကာ ၆၁ ဦး ကယ်တင်နိုင်ခဲ့တဲ့အတွက် စာရင်းအရတော့ လှေပေါ်ပါလူဦးရေနဲ့ လတ်တလော ကိုက်ညီမှု ရှိနေပြီဖြစ်ကြောင်း မြိတ်မြို့အခြေစိုက် ရွှေရောင်နေ့သစ် လူမှုကူညီရေး အသင်းထံကနေ ကနဦးသတင်းတွေအရသိရပါတယ် ။

အဆိုပါအသင်းက “လတ်တလော အလောင်းက ၇ လောင်းပြန်တွေ့တယ်။ နှစ်ဦးပျောက်နေတုန်း။ ပျောက်နေတာက အလယ်တန်းနဲ့ အထက်တန်းကျောင်းသူနှစ်ဦးပါ။ မြိတ်မြို့ပေါ်က ကိုယ်ပိုင်ကျောင်းကပါပဲ။ လူ ၇၀ လို့ စာရင်းရှိသိရပေမယ့် တချို့ ကလေးငယ်တွေကြ ထည့်မတွက်တော့ ကျွန်တော့်အထင် ဒီထက်ပိုနိုင်တယ်။ စောင့်ကြည့်နေတုန်းပဲ” လို့ MT News ကို ပြောပါတယ်။

တိမ်းမှောက်တဲ့ စက်လှေမှာ ကျောက္ကာရွာမှ ဦးဝင်းရီ ပိုင်စက်လှေလို့ သိရှိရပြီး ကုန်ပို ဝန်ပို တင်လာတာကြောင့် ရွာကအထွက် ဆယ့်ငါးမိနစ်အတွင်း လှေဝမ်းဗိုက်ပေါက်တိမ်းမှောက်တာလို့ သိရပါတယ်။ စက်လှေတိမ်းမှောက်ချိန်က ည တစ်နာရီ နဲ့ နှစ်နာရီကြား ဖြစ်ပွားခဲ့ပြီး အများစုကို ကျောက္ကာရွာသူ ရွာသားတွေကပဲ လူအင်အားနဲ့ ကူညီကယ်ဆယ်ခဲ့ရတယ်လို့ မြိတ်မြို့ကနေ မြေပြင်အကူအညီသွားရောက်တဲ့ ကရုဏာ နာရေးကူညီမှု အသင်းထံကနေ သိရပါတယ်။

ကရုဏာနာရေးကူညီမှု အသင်း တာဝန်ရှိသူက “ကျွန်တော်တို့အသင်းက ကလေးငယ်နဲ့ မိခင် ရုပ်အလောင်း ဆယ်ယူနိုင်ခဲ့ပါတယ်။ အခု လှေပေါ်ပါစာရင်းတွေအရ ပျောက်ဆုံးနဲ့ ပြန်တွေ့ လူစာရင်း သေသူစာရင်း ကိုက်နေပြီမို့ ကယ်ဆယ်ရေးတော့ ရပ်သွားပြီ။ အဆုတ်ထဲရေဝင်တာမျိုး၊ သတိလစ်လို့ ဆေးရုံပို့ပေးရတာမျိုးတော့ ရှိပါတယ် ” လို့ မြေပြင်အခြေအနေကို ပြောပါတယ်။

အဆိုပါစက်လှေတိမ်း‌ မှောက်မှုကို ကျောက္ကာရွာသက်ဆိုင်ရာတာဝန်ရှိသူတွေက တရားလိုပြုလုပ်အမှုစွဲဆိုကာ ရဲလုပ်ငန်းစဉ်အရ အရေးယူနိုင်ရေးလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *