October 21, 2024

၂၁. ၁၀. ၂၀၂၄
Written by Nay Moe

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်က တပ်ရင်း (၅)၊ တပ်ခွဲ (၃) အခြေစိုက်ရာ ခင်ဦးမြို့နယ် ကံသာကျေးရွာက တပ်ခွဲ (၃)၊ တပ်ခွဲမှူး မျိုးလှိုင်ဝင်း အပါအဝင် BNRA တပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ ထောက်ပို့/သာမန်ပြည်သူ ၁၄ ဦးထက်မနည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း (၃) က အောက်တိုဘာ ၁၈ ရက်ညမှာ လူအင်အား ရာချီအသုံးပြုပြီး ကံသာကျေးရွာအထိ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။

“ရေဦးမြို့နယ်မှာ NUG လက်အောက်ခံအဖွဲ့တွေက BNRA တပ်သားအယောက် သုံးဆယ်ဝန်းကျင်နဲ့ပြည်သူအယောက်ခုနှစ်ဆယ်နီးပါးကိုဖမ်းပြီးအိမ်တွေပါ ချိပ်ပိတ်တယ်လို့ကြားသိရတယ်။ အယောက် ၂၀၀ နီးပါးလောက်လာရောက် ဖမ်းဆီးတယ်လို့ မြေပြင်သတင်းအရကြားသိရတယ်။ ဒီကိစ္စကို NUG က ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲဆိုတာ သက်ဆိုင်အဖွဲ့အစည်း ပြည်သူကိုချပြပေးစေချင်တယ်”Gz Freedom က ရေးသားဖော်ပြထားပါတယ်။

ဖြစ်စဥ်အစက BNRA တပ်ခွဲ (၃) က ကံသာရွာထဲမှာ ကျဆုံးရဲဘော်တွေအတွက် အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ်လပြည့် ည ၇ နာရီလောက်မှာ သေနတ် ပစ်ဖောက်ခဲ့တာလို့ သိရပြီး ရွာထဲ သေနတ်ဖောက်ဖို့ အကြောင်းမကြားထားတဲ့အတွက် NUG ဩဇာခံ PDF တွေက လာရောက်ပြီး အင်အားရာချီနဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရာမှာ NUG ဩဇာခံ PDF တွေဘက်က ခင်ဦးပကဖက ထွန်းဝင်းအောင်ဦးဆောင်ပြီး ခရိုင်ကွပ်ကဲရေးမှူး ဒူကဘာရဲ့ အစီအစဥ်နဲ့ဖမ်းဆီးတာဖြစ်တယ်လို့ သိရပြီး BNRA တပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ ပြည်သူ ၁၄ ဦးထက်မနည်းဖမ်းဆီးသွားတဲ့ NUG ရဲ့ PDF တွေက BNRA တပ်ရင်း (၅) တပ်ခွဲမှူးနဲ့ ဒုတပ်ခွဲမှူးတို့ကို မသေရုံတမယ် ရိုက်နှက်ဖမ်းဆီးတယ်လို့လည်း သိရပါတယ်။

“NUG က ရည်မွန်ရဲ့ စေခိုင်းချက်နဲ့ နဂါးရဲ့ BNRA အဖွဲ့ဝင်တွေကို PDF တွေက ဖမ်းဆီးသွားပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်တဲ့…။ နဂါးဦးဆောင်တဲ့ BNRA အဖွဲ့က NUG ရဲ့ MOD အောက်မဝင်လို့ အငြိုးအတေးထားပြီး ဖမ်းချင်တိုင်းဖမ်း၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာဖြစ်ပါတယ်။ ဒီတော့ ရည်မွန်ရဲ့ စေခိုင်းချက်နဲ့ ထင်တိုင်းကြဲ လုပ်ချင်တိုင်းလုပ်ပြီး စော်ကားနေတာကို နဂါး ဘာလုပ်မှာလဲ။ ငြိမ်ခံမှာလား။ ပြန်ပြီးတုံ့ပြန်မှာလား။ ငြိမ်ခံမယ်ဆိုရင်တော့ နောက်ဆိုရင် လုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒီထက်ပိုဆိုးတဲ့ စော်ကားအနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ နဂါးသိထားဖို့လိုမယ်” လို့လည်း ဖြစ်စဥ်သိရှိသူတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရေးသားထားပါတယ်။

NUG ရဲ့ MOD လက်အောက်ခံစစ်ဒေသက PDF တွေက BNRA တပ်သားတွေနဲ့ ရွာသားတွေကို ဝင်ဖမ်းတဲ့အပြင် BNRA ကို လက်မခံဖို့ တိုက်တွန်းကြသလို BNRA ကို လက်မခံရင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမယ်လို့ တိုက်တွန်းကြတယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ BNRA တပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်လပြည့်နေ့မှာ သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအတွက် သေနတ်ဖောက်ချိန်မှာ NUG လက်အောက်ခံတွေက ဝင်ဖမ်းတာလို့လည်း ဗိုလ်နဂါးက အတည်ပြုသလို သူတို့လို NUG ဩဇာမခံတဲ့အဖွဲ့တွေက “အောက်ကိုဝင်မလား၊ ချေမှုန်းခံမလားလို့ သွယ်ဝိုက်မေးခံရတဲ့ အခြေအနေဖြစ်တယ်”လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *