October 21, 2024

၂၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသကို ပြည်တွင်း၊ ပြည်ပခရီးသွား အများအပြားဝင်ရောက်ခဲ့တယ်လို့ ပုဂံ – ညောင်ဦးဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

“အခု သီတင်းကျွတ်ပိတ်ရက်မှာ ခရီးသွားတွေ အတော်လေးလာကြတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ပုဂံကိုဝင်တာအများဆုံးပါ။ ပြည်ပခရီးသွား နိုင်ငံခြားသားတွေလည်း တွေ့ပါတယ်။ သီတင်းကျွတ်ပိတ်ရက်မှာ ဒီမှာရှိတဲ့ဟိုတယ်၊ တည်းခို ခန်းတွေ အားလုံးအပြည့်ပါပဲ။ အတော်လေးလာလည်ကြတယ်။ လာမယ့် ဒီဇင်ဘာရုံးပိတ်ရက်ကာလမှာလည်းခရီးသွားတွေ ဒီထက်ဝင်နိုင်မယ်လို့ မှန်းထားပါတယ်။‌ ပြောရရင် ပုံမှန်ရက်တွေထက်စာရင် ပိတ်ရက်တွေမှာ ခရီးသွားတွေပိုလာကြတာပေါ့။ သီတင်းကျွတ်တို့ ဒီဇင်ဘာတို့ သင်္ကြန်ရုံးပိတ်ရက်တွေမှာ ခရီးသွားတွေအများဆုံးလာကြပါတယ်။ ဝင်ပါတယ်”လို့ ပုဂံ – ညောင်ဦးဒေသရှိ ခရီးသွားလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက MT News ကို ပြောပါတယ်။

ပုဂံ – ညောင်ဦးဒေသဆီ ကိုဗစ်ကာလအလွန်ကစလို့ ပြည်တွင်းခရီးသွားတွေဟာ တစ်စထက်တစ်စဝင်ရောက်လာကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာလည်း ခရီးသွားဝင်ရောက်မှု‌တွေများပြားခဲ့တယ်လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“လမ်းခရီးလည်း အဆင်ပြေပါတယ်။ ပုဂံဘက်က နယ်မြေဒေသလည်း အေးချမ်းပါတယ်။ လာရာက်လည်ပတ်လို့ရပါတယ်။ ခရီးသွားတွေက သူ့ဟာနဲ့သူတော့ ပုံမှန်လာနေကြပါတယ်”လို့ ပုဂံဒေသခံတစ်ဦးက ထပ်လောင်းပြောပြပါတယ်။

ပုဂံဒေသဟာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းမှာတည်ရှိတဲ့ ကမ္ဘာ့ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေခရီးသွားဒေသတစ်ခု ဖြစ်ပါတယ်။

ပုဂံဒေသခရီးသွားလာမှုမှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၅၂၂၉၁၄၉ ဦး ဝင်ရောက်ခဲ့တယ်လို့လည်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Photo – CJ

#ပုဂံဒေသ #ခရီးသွား #သီတင်းကျွတ်ကာလ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *