October 21, 2024

၂၁.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်မြို့က မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တာကြောင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေအ‌နေနဲ့ အရေးပေါ်ကိစ္စရပ်တွေဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အသင့်အနေအထားနဲ့ စုဖွဲ့ထားရှိတယ်လို့ ရန်ကုန်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရှိရပါတယ်။

“ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအားလုံးကိုလည်း ကျွန်တော်တို့စုဖွဲ့ထားရှိပါတယ်။ မိုးများလို့ ရန်ကုန်မြို့မှာ ရေကြီးတဲ့ရပ်ကွက်အချို့ရှိပါတယ်။ အခုဆို ကျွန်တော်တို့အဖွဲ့ဆို မရမ်းကုန်းမြို့နယ်က ရပ်ကွက်အချို့မှာ ညရေဝင်တယ်ဆိုလို့ ကူညီကယ်ဆယ်ရေးသွားရောက်နေပါတယ်။ မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားတာကတော့ မုန်တိုင်းအရှိန်ကြောင့် နောက် သုံး၊ လေးရက်လောက်ကို မိုးများလာမယ်၊ ရေတွေမြင့်တက်လာမယ်လို့ ခန့်မှန်းထားတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်ထားပါတယ်”လို့ မြန်မာ့ကြယ်ဖြူလူမှု့ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက MT News ကို ပြောပါတယ်။

မိုးလေဝသလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ခန့်မှန်းချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ထိုင်းပင်လယ်ကွေ့မှာလေပွေလှိုင်းတစ်ခု စတင်ဖြစ်ပေါ်နေခဲ့ပြီး ဒီလေပွေလှိုင်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာမှာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

‌ဒီကနေ့ အောက်တိုဘာ ၂၁ ရက်၊ နံနက်ပိုင်းအချိန်အထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ မုန်တိုင်းလမ်းကြောင်းက အိန္ဒိယဘက်ကို ပိုနေတယ်လို့ ဆိုထားပြီး မုန်တိုင်းအားကတော့ SCS(severe Cyclonic Storm)အဆင့်အထိ အောက်တို ဘာလ၂၃ ရက်၊ နံနက်ပိုင်းအထိ အိန္ဒိယကမ်းခြေအနီး ချဉ်းကပ်စဉ်မှာရောက်လာနိုင်မယ်လို့ မိုးလေဝသစောင့်ကြည့်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

“မုန်တိုင်းက မြန်မာပြည်ဘက်ကိုတော့ မဝင်နိုင်တာတော့ ကျိန်းသေသလောက်ရှိတယ်”လို့ မိုးလေဝသပညာရှင်တစ်ဦးက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

သို့သော်လည်း မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့မှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်းက တစ်နာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်မယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားသလို ဆိုင်ကလုန်းမုန်တိုင်းအရှိန်‌ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီးပင်လယ်ပြင်မှာ အောက်တိုဘာ ၂၁ ရက်ကနေ ၂၃ ရက်အထိ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၃၀ အထက် ရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှိုင်းအမြင့်က ၇ ပေအထိ ရှိနိုင်မယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးများနိုင်ပြီး အခုမနက် မိုးအများဆုံးက‌တော့ မင်္ဂလာဒုံမှာ ၅ ဒသမ ၅၃ လက်မ၊ ဒုတိယအများဆုံးက မရမ်းကုန်းမြို့နယ်မှာ ၄ ဒသမ ၇၇ လက်မ၊ တတိယ အများဆုံးက‌တော့ လှိုင်သာယာမြို့နယ်မှာ ၄ ဒသမ ၁၁ လက်မတွေအထိ ရွာသွန်းခဲ့လို့ အဲ့ဒီမြို့နယ်တွေရဲ့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

#ဆိုက်ကလုန်းမုန်တိုင်း #ကြိုတင်ပြင်ဆင်မှု

#ရေကြီးရေလျှံ #ကယ်ဆယ်ရေးစုဖွဲ့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *