October 21, 2024

၂၁. ၁၀. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ နှစ်လခွဲကျော်တွင် ဒေါ်လာ ၃၈၃ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ အလားတူ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ထိုင်းဘတ် ၅၆၈ သန်းကျော် ရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၁ သန်းခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်မှစတင်၍ ကျပ် ၅၀၀၀ အောက်သို့ ဒုတိယအကြိမ်ကျဆင်းခဲ့ပြီး လက်ရှိအချိန်အထိ ကျပ် ၅၀၀၀ အောက်၌သာ ဆက်ရှိနေခြင်းဖြစ်သည်။

သီတင်းကျွတ်ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာလ ၁၅ ရက်တွင် ဗဟိုဘဏ်၏ Online Trading Platform တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်ဖြစ်သော်လည်း ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၄၅၀ ကျပ်ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *