October 21, 2024

၂၁.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံရွာမကျေးရွာ၊ ဖလုံတံတားအနီးတွင် အောက်တိုဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က မောင်းနှင်လာသော ၁၂ ဘီးယာဥ်ကို သိဒ္ဓိအောင် ခရီးသည်တင်ယာဥ်က ဝင်တိုက်သဖြင့် ခရီးသည်တင်ယာဥ် ကားခေါင်းအတွင်း ညပ်နေသည့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်တို့ကို တစ်နာရီခန့်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ဖလုံတံတားတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသော Nissan အမျိုးအစား ၁၂ ဘီးယာဥ်ကို ရန်ကုန်မှ တာပွန်သို့ပြေးဆွဲသော သိဒ္ဓိအောင် ခရီးသည်တင်ယာဥ်က အနောက်မှ ဝင်တိုက်ခဲ့သဖြင့် ခရီးသည်တင်ယာဥ်ပေါ်မှ ယာဥ်မောင်းနှင့်ယာဥ်အကူတို့ ကားခေါင်းအတွင်းညပ်နေခဲ့ခြင်းဖြစ်သည်။

ကားခေါင်းအတွင်းညပ်နေသည့် အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားမှာ ဒူခေါင်းပွန်းခြစ်ဖူးရောင်ဒဏ်ရာ၊ ညာခြေမျက်စိနှင့် ညာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်ဒူးပွန်းခြစ်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ယာဥ်အကူအမျိုးသားမှာ ညာဘက်ပေါင်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသော ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တို့ကို တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော်က ကယ်ဆယ်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

“ယာဥ်မောင်းကို ကယ်ထုတ်တာ တစ်နာရီနီးပါးကြာတယ်၊ယာဥ်အကူကတော့ မိနစ် ၄၀ နီးပါးကြာတယ်။ လူနာတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက​ပြောသည်။

ဒဏ်ရာရရှိသူ ၂ ဦးကို မေတ္တာရေစင် သူနာတင်ယာဥ်အသင်းမှ သူနာတင်ယာဉ်ဖြင့် ဥက္ကံတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုနှင့်ပတ်သက်၍ ခရီးသည်တင်ယာဥ်မောင်း အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဥက္ကံနယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *