October 21, 2024

၂၁. ၁၀. ၂၀၂၄
Photo – Tha Doe

အောက်တိုဘာ ၁၆ ရက်ကနေ ၂၁ ရက်အတွင်း ရန်ကုန်မြစ်ဟာ ထူးကဲဒီရေမြင့်တက်ဖို့ရှိနေတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြိုတင်သတိပေးခဲ့သလို ဒီနေ့မနက်မှာတော့ ရန်ကုန်မြို့နယ်အချို့ ထူးကဲဒီရေမြင့်တက်လာခဲ့ပြီး ရပ်ကွက်လမ်းတွေဆိုလည်း ဒူးလောက်အထိမြုပ်ခဲ့တာတွေ့ရသလို ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်နေရာတွေဆိုလည်း ချောင်းရေနဲ့ လမ်းပေါ်ရေ တစ်ဆက်တည်းဖြစ်တဲ့အထိ ရေနစ်မြုပ်ခဲ့တာ တွေ့ရပါတယ်။

ထူးကဲဒီရေဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တုန်းက အခြေခံရေစစ်မျဥ်းထက် ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးပေမဲ့ ဒီနေ့မြင့်တက်မှုကတော့ အမြင့်ဆုံး ၂၁ ပေလောက်ပဲမြင့်တက်မယ်လို့ ကြေညာခဲ့ပေမဲ့ လူနေရပ်ကွက်တွေက အနိမ့်ပိုင်းတိုက်ခန်းတွေ ရေမြုပ်ခဲ့တာကြောင့် ပြည်သူတွေ အခက်ကြုံခဲ့ရတာလည်း တွေ့ရပါသေးတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် ထူးကဲဒီရေတက်တုန်းကလည်း တိုက်ခန်းထဲရေမြုပ်သွားလို့ တော်တော်ဆေးလိုက်ရတယ်။ အခု တစ်ခေါက်ကတော့ မြုပ်နိုင်တာ အကုန်လုံးကြိုပြီး သိမ်းထားလို့ သိပ်တော့ဒုက္ခမများပေမဲ့ မြစ်ရေနဲ့ဆက်စပ်ပြီး ချောင်းရေ၊ မြောင်းရေဝင်တာဆိုတော့ အခန်းကတော့ တော်တော်ပြန်ဆေးရမှာပေါ့”လို့ တာမွေမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ထူးကဲဒီရေတက်တုန်းကလည်း တာမွေ၊ ကျောက်မြောင်း၊ လမ်းမတော် စတဲ့ ပုစွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်၊ ပင်လယ်ဝနဲ့နီးတဲ့နေရာတွေ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ။ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းတချို့ ထူးကဲဒီရေကြောင့် နစ်မြုပ်နေမှု တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *