October 20, 2024

၂၀.၁၀.၂၀၂၄
Written By Zun

မြဝတီမြို့ရှိ အာရှလမ်းမပေါ်တွင် အရှိန်မြှင့်မောင်းလာသော ကားတစ်စီးက လမ်းလျှောက်လာသော လူငယ် နှစ်ဦးအား ဝင်တိုက်ရာ တစ်ဦးမှာ နေရာ၌ပင် သေဆုံးသွားကြောင်း အလင်းသစ်- Rescue Myawaddy အဖွဲ့က သိရသည်။

ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် တစ်နာရီကျော်အချိန်ခန့်က လူငယ်နှစ်ဦးက နေအိမ်သို့ လမ်းလျှောက်၍ ပြန်အလာတွင် အဆိုပါ အရှိန်မြှင့်ယာဉ်က ဝင်တိုက်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက သူငယ်ချင်းနှစ်ယောက်က လျှောက်လည်ပြီး ပြန်လာကြတာ။ ဒီနေ့ ၂၀ ရက်နေ့ကို ကူးသွားပြီ။ ည တစ်နာရီလောက်မှာ ဖြစ်တာကိုး။ သူတို့လမ်းလျှောက်လာတာကို ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တာပေါ့။ဝင်တိုက်တော့ အတိုက်ခံရတဲ့ နေရာမှာပဲ နှစ်ယောက်ထဲက တစ်ယောက်က ဆုံးသွားတာ။ သူတို့က လမ်းဘေးမှာလမ်းလျှောက်လာတာ။ ကျွန်တော်တို့ကို အကြောင်းကြားတာက ၂ နာရီလောက် ဖြစ်သွားပြီ။ ညဆိုတော့ လမ်းသွားလမ်းလာ ကားတွေဆိုင်ကယ်တွေလည်းမရှိတော့ အဲဒီ ဖြစ်တဲ့ နေရာနားက ရေဆေးခုံက တစ်ယောက်က ဆက်သွယ်ပေးတာ။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ လူနာက အသက်မရှိတော့ဘူး။ ဒါပေမဲ့လည်း သေချာအောင် ဆရာဝန်ရဲ့အတည်ပြုချက်လိုချင်တာကြောင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကို ခေါ်သွားတယ်။ တာဝန်ကျဆရာဝန်က ဆုံးသွားပြီလို့ အတည်ပြုတယ်။ အဲဒါပြီးတော့ မိသားစုဝင်တွေကိုခေါ်ပြီးတော့မှ မြဝတီ ခရိုင်ဆေးရုံရဲ့ အသေတိုက်(ရေခဲတိုက်)ကို သေသေချာချာ ထည့်ပေးခဲ့ပါတယ်။ သူတို့ကိုဝင်တိုက်တဲ့ကားကတော့ ထွက်ပြေးသွားတာပေါ့။ တိုက်ပြီး ပြေးသွားတဲ့ကားရဲ့ မီးခွက် အကွဲစလေးတွေတော့ ကျွန်တော်တို့ တွေ့ ပါ တယ်။ ကားကို မျက်မြင်သက်သေလည်းမရှိဘူးလေ။ သူတို့ဆီက အရက်နံ့တွေဘာတွေ နံတာလည်းမရှိပါဘူး။ သူတို့က လည်ပတ်ပြီး လမ်းရဲ့ဘေးကိုကပ်လျက်ပဲ လမ်းလျှောက်လာကြတာလို့ သိရတယ်” ဟု အလင်း သစ်-Rescue Myawaddy အဖွဲ့ တာဝန်ရှိသူက MT News ကို ပြောသည်။

အဆိုပါ သေဆုံးသူ လူငယ်မှာ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ အောင်ဆုပန်လမ်းတွင် မိသားစုဖြင့် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ် ကိုဆည်းဆာအောင် ဆိုသော လူငယ်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *