October 20, 2024

၂၀.၁၀.၂၀၂၄
Written By Zun

ရှမ်းပြည်နယ်၊ အထူးဒေသ(၁) ကိုးကန့်ခရိုင်၊ ကွမ်းလုံမြို့နယ်ရှိ နမ့်ဟူးကျေးရွာအုပ်စုအတွင်း ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် တစ်နာရီမထိုးမီ အချိန်ခန့်က လေကြောင်းတိုက်ခိုက်ခံရကြောင်း MNDAA က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ညလူခြေတိတ်ချိန် တိုက်လေယာဉ်ပျံသန်းသည့်အသံ ရုတ်တရက် ထွက်ပေါ်လာပြီး လေကြောင်းမှ ဗုံးများ ကြဲချခဲ့‌သောကြောင့် လူအများ အထိတ်တလန့်နှင့် ပရမ်းပတာ ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါနေရာတွင် MNDAA အခြေစိုက်နေရာ ဖြစ်ကြောင်း ဒေသခံများက လူမှုကွန်ရက်တွင် ရေးသားနေကြသော်လည်း MNDAA ၏ ထုတ်ပြန်ချက်တွင် စစ်ပွဲဖြစ်ပွားရာရပ်ဝန်းမဟုတ်သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များလည်း တပ်စွဲထားခြင်းမရှိကြောင်း ပါရှိသည်။

“သူတို့ဒေသမှာ သူတို့ရှိတယ်လေ။ မရှိဘူးလို့ ပြောတာကိုက ယုတ္တိမရှိဘူး။ ရှိလို့ ဗုံးချတာပေါ့။ သူတို့လည်း သိပါ တယ်။ ဒါတွေကို ပြောနေလို့လည်း ပြီးမှာမဟုတ်ဘူး။ ဒီအခြေအနေက ဘယ်တော့ငြိမ်းမယ်ဆိုတာ မသိနိုင်သေး ဘူး။ မငြိမ်းချမ်းသေးသရွေ့တော့ MNDAA ကို အားပေးထောက်ခံသူပဲ ဖြစ်ဖြစ်၊ အားမပေးတဲ့သူပဲ ဖြစ်ဖြစ် အရပ် သားတွေ အထိနာနေကြအုံးမှာပဲ”ဟု ၁၉၈၈ ခုနှစ်အတွင်းက တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးက MT News ၏သုံးသပ်ချက် မေးခွန်းမေးမြန်းစဉ် ပြောပြသည်။

လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နမ့်ဟူးမြို့နယ် အုပ်ချုပ်မှုကော်မတီသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို အလျင်အမြန်သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့ပြီး ကွမ်းလုံ အုပ်ချုပ်မှုကော်မတီလည်း အခင်းဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဝန်ထမ်းများကို စီစဉ်စေလွှတ်ခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဟူးကျောင်းအနီးရှိ ရပ်ကွက်အတွင်း လူနေအိမ် နှစ်လုံး ထိခိုက်သွား ကြောင်း၊ ယင်းအပြင် အရပ်သား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကာ အခြားနေအိမ်များနှင့်ခြံဝင်းအတွင်း ရပ်ထားသည့် ကားများပျက်စီးခဲ့ကြောင်းလည်း MNDAA က ဆိုသည်။

လားရှိုးစစ်ပွဲစတင်ချိန်နှင့် စစ်ပွဲအပြီးတွင် အထူးဒေသ(၁)၏မြို့တော် လောက်ကိုင်မြို့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် လားရှိုးမြို့တို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခံနေရကြောင်းလည်း ယင်းတို့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်ညနေ ၆ နာရီခန့်က သိန္နီခရိုင် သံလွင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုရှိ နမ့်မျှော်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံလေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့်လျှပ်စစ်ဓာတ်အား ပေးစက်ရုံရှိ ဓာတ်အားထိန်းချုပ်ခန်း ၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် အခြားဓာတ်အားပေးစက်များ ပျက်စီးသွား သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရပ်တန့်သွားကြောင်းလည်း ယင်းတို့က ထုတ်ပြန်ထားသည်။

ယခုလက်ရှိတွင် ယင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံမှန်ပြန်လည်လည်ပတ်ရန်နှင့် လျှပ်စစ်ဓာတ်အား အောက်တိုဘာလ ၁၉ ရက်တွင် အမြန်ဆုံးပြန်လည်ရရှိစေရန်အတွက် လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန် ထားခဲ့သေးသည်။

“အဲဒီစက်ရုံကို မင်းတို့ဆောက်ခဲ့တာလား။ ဒီနိုင်ငံမှာ မင်းတို့ဆောက်တာ ဘာရှိလဲ”ဟုလည်း လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *