October 20, 2024

၂၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် Plenary Hall ၌ ကျင်းပသည့် ချင်းတိုင်းရင်းသားရိုးရာ အလွတ်တန်းအဆင့်အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အကအဖွဲ့တစ်ဖွဲ့ချင်းစီက ချင်းပြည်နယ်၏ သဘာဝအလှတရားများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် “ချင်းတောင်တန်းမှ ကြိုဆိုလျက်” ချင်းရိုးရာတေးသီချင်းနောက်ခံဖြင့် ချင်းတိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို ချင်း အလှ၊ ချင်း ဟန်တို့ဖြင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ရုပ်စုံသဘင်ဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ရတနာပုံရုပ်စုံသဘင်အဖွဲ့က သရုပ်ဖော်ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

SAC ဥက္ကဋ္ဌသည် အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့်အပြင် အောက်တိုဘာ ၁၆ ရက်တွင် မဟာဇနက ဇာတ်တော်ကြီးပြိုင်ပွဲသို့လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးအကပြိုင်ပွဲနှင့် အခြေခံအဆင့် အသက် ၁၀ နှင့်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး)(ဂီတာ) အတီးပြိုင်ပွဲများသို့လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်(ယမန်နေ့)တွင် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်းဦးရေ ၂,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *