October 20, 2024

၂၀. ၁၀. ၂၀၂၄
Written by Nyein

မြန်မာ-ရုရှားနှစ်နိုင်ငံ ‌ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ယနေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်‌ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov ၊ ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးသည့်စစ်သည်များလိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး လေ့ကျင့်ရေးဆောင်ရွက်မည့်နေရာနှင့် နေ့ရက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာ-ရုရှား ပထမအကြိမ် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အက်ဒမန်ပင်လယ်ထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအစီ အစဉ်အတွင်း ကျည်အစစ်ပစ်ခတ်မှုနှင့်အတူ ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း၊ ရေအောက်လေ့ကျင့်ခန်းများ အပါအဝင် အခြားစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

ပုံစာ- ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော ရုရှားစစ်ရေယာဉ်များကို‌ တွေ့ရှိရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *