October 20, 2024

၂၀.၁၀.၂၀၂၄
Translated by Htwe Ko Tun

အီရန်နိုင်ငံက အိန္ဒိယသမုဒ္ဒရာတွင် အိမ်ရှင်ပြုလုပ်လျက် ရုရှားနိုင်ငံနှင့် အိုမန်နိုင်ငံတို့နှင့်အတူ ရေတပ် စစ်ရေးလေ့ကျင့်မှုများကို အောက်တိုဘာလ ၁၉ ရက်တွင် စတင်ပြုလုပ်ခဲ့ကြပြီး နိုင်ငံကိုးနိုင်ငံက တက်ရောက်လေ့လာခဲ့ကြကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်သွားခဲ့သည်။

IMEX 2024 ဟု အမည်ပေးထားသော အဆိုပါရေတပ်စစ်ရေးလေ့ကျင့်မှုက ဒေသအတွင်း စုစည်းညီညွတ်သောလုံခြုံမှုရှိရေး၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေး၊ ချစ်ကြည်မှုနှင့်ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်နိုင်စွမ်းအားပြသရေး၊ ခင်မင်ရင်းနှီးမှုနှင့် ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံရေးတို့အတွက်ရည်ရွယ်ကြောင်းလည်း သတင်းတွင်ဖော်ပြသွားခဲ့သည်။

ရေတပ်လေ့ကျင့်မှုတွင် ပါဝင်သည့်နိုင်ငံများက အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်သွယ်မှု လုံခြုံရေးကို အာမခံနိုင်ရန်၊ ပင်လယ်ရေကြောင်းသွားလာရေးလမ်းကြောင်းများကို ကာကွယ်ရန်၊ လူသားချင်းစာနာမှုဆောင်ရွက်မှုများကို မြှင့်တင်ပေးရန်နှင့် ကယ်ဆယ်ရေးနှင့် ဘေးဒုက္ခကူညီဆောင်ရွက် ပေးရေးလုပ်ငန်းများအတွက် သတင်းအချက်အလက်များ ဖလှယ်ရေးတို့အတွက် နည်းဗျူဟာမျာကို လေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်လွှင့်မှုက ဆိုသည်။

အဆိုပါရေတပ်စစ်ရေးလေ့ကျင့်မှုက အစ္စရေးက ဂါဇာကိုစစ်ပွဲဆင်နွှဲနေမှုနှင့် အီရန်ထောက်ခံသော ယီမင်မှ ဟူသီသူပုန်များက ပင်လယ်နီအတွင်းရှိ သင်္ဘောများကိုတိုက်ခိုက်ကာ လက်တုံ့ပြန်မှုတို့ကဲ့သို့ ဒေသအတွင်းတင်းမာမှုများမြင့်တက်နေချိန်နှင့် သွားရောက်တိုက်ဆိုင်လျက်ရှိသည်။

အမေရိကန်က ပါဝင်ပတ်သက်နေသော ဒေသဆိုင်ရာတင်းမာမှုများဖြစ်ပွားနေခြင်းအား တုံ့ပြန်သောအားဖြင့် အီရန်ကလည်း ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြုလုပ်လျက်ရှိသည်။

ပြုလုပ်လျက်ရှိသော ရေတပ်စစ်ရေးလေ့ကျင့်မှုအား တက်ရောက်လေ့လာသည့်နိုင်ငံများတွင် ဆော်ဒီအာရေဗျ၊ ကာတာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ပါဝင်ကြကြောင်း သိရသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *